နှမပုတုကွေးလေး အောင်မယ်လေး ချစ်ဖို့ ကောင်းလိုက်တာမှ။ နမ်းလို့ တောင်မဝပါလား အမေရယ် … ကြည့်စမ်း ပါးကြီးတွေကို မို့ လို့ ဖွံ့ ဖွံ့ အိအိနဲ့  ….ဟောဟော အမေ တွေ့ လား မေ့သမီးက ကျွန်တော့်ကိုတောင် ရယ်ပြတတ်နေပြီ …ဟဟ…. ဟောဗျာ ပြောရင်းဆိုရင်း ရှူ ရှူတွေပေါက်ချပြီ အမေရေ လုပ်ပါဦး ဟဟ … အောင်မယ် အောင်မယ် မယ်မင်းကြီးမလေးက ရယ်တောင် ရယ် နေသေးတယ် … ဟဟချစ်တုံးလေး ချစ်ဆုံးလေး …. ။ အော်အမေရယ် ချစ်တာပေါ့ ဒီနှမလေးတစ်ယောက် တည်း ရှိတာ မေက ထပ်မွေးပေးမှာမှ မဟုတ်တော့ဘဲကို ….. ဟောဟော ငိုမဲ့ မဲ့ လုပ်နေပြီ အမေ မေ့သမီး နို့  ဆာပြီထင်တယ် အေးပါဗျာ အေးပါ မေလာပြီ မေလာပါပြီ။ … ခုနတော့ ငိုမလိုနဲ့ မေ့သမီး ကခုတော့ ရယ်နေ ပြန် ပလား …. အလိုဗျာ ငါ လုမစို့ ပါဘူး တွေ့ လားတွေ့ လား အမေ့သမီး လောဘကြီးလေး …. ဟဟ …. အမ် မယ် သူ့ ပြောမှန်းသိတယ် တွေ့ လားအမေ ဟဟ … မလွယ်ဘူး မေ့သမီး …. ဘာလဲ သည်းက …ဟဟ…. ။
အေးညီမလေးရဲ့ …. နင်ကျောင်းတက်တော့လည်း ကိုကြီး လိုက်ပို့ မှာပေါ့ …. အေးပါဟာ ဘာမှ အားမငယ်နဲ့  နော် ကိုကြီး နဲ့ တူတူ သွားရမှာ အင်းဟုတ်တာပေါ့ ညီမလေးရဲ့ ပညာတတ်မှ ဖြစ်မယ် င့ါညီမ ပညာတတ်ကြီး ဖြစ်အောင် ကျောင်းတက်ရမှာပေါ့ ….။ ကဲ ဆိုဆို ကကြီးကခွေး …. အင်းတော်လိုက်တာ …. ညအခါ လသာ သာ ကစားမလား နားမလား … အောင်မယ်လေး ငါ့နှမ တော်လိုက်တာ …. ။ ဟော အေဘီစီဒီတွေ တောင် တတ်နေပြီ … အေးကွ ညီမလေးရ ဘိုစကားလေးကလည်း တတ်မှကိုး ဘိုစကားမတတ်ရင် ငါတို့ နိုင်ငံမှာ မျက်နှာငယ်တယ်ကွယ့်  ။ နောက်တော့ ညည်း သိလာလိမ့်မယ် အသက်ကြီးလာတဲ့ အခါ… ။ခက်တာပေါ့ ဒါပေ မယ့် ကျက်လိုက်မှတ်လိုက်တော့ အလွယ်လေးပါပဲ ကွာ လာလာ ကိုကြီးနဲ့ တူတူ ကျက်မယ် …. ။ အမေ ….. မေ့သမီးက ဥာဏ်ကောင်းချက် တစ်ခါဖတ်ရင် ရပြီ။ သားနဲ့ တူတာဖြစ်မယ် အမေရဲ့ ….. ဂူစီ ဂူစီ ဂန်ဒါ …တောင်အလွတ်ရနေပြီ …. အစ်ကို့ ခြေရာနင်းမဲဟာလေး ဟဟ ….။ အင်း ဟယ် တစ်ခါနမ်းပစ်လိုက်မယ် အား မွှေးနေတာပါလား င့ါညီမပါလေးက ဟားဟား …အတော်ကလေး အတော် ကလေး …..။
ညီမလေးရေ ကျောင်းစာတွေလိုက်နိုင်ရဲ့ လားဟေ့ ။ အေးအေးပါ အေးပါ ငါ့ညီမက တော်တာကိုး ပထမရတာ ပေါ့ …. ကဲလာလာ သည်းကို မေးရဦးမယ် အနန္တော အနန္တငါးပါးကို သိလား …. ဟုတ်ပြီ … နေ့ တိုင်း ဘုရားရှိခိုး ရမယ်နော် … ငါးပါးသီလဆိုတာကော ညည်းသိရဲ့ လား အင်း။ အေးဟုတ်တယ် သိရမယ် ဒါလဲ … ။ သုံးဆယ့်ရှစ် ဖြာမင်္ဂလာဆိုတာ ကျောင်းမှာ သင်ရတယ် ဟုတ် …။ ကဲ ဆိုစမ်းပါဦး လင်္ကာလေးကို လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့  … ။ အေး တော်ပြန်ရော ငါ့ညီမက။ ဟုတ်ပြီ ဒါတွေသိဖို့ လိုတယ် ညီမလေး ရဲ့ ဒါတွေက ငါ့ညီမလေးကို ယဉ်ကျေးအောင် သိမ်မွေ့ အောင် လုပ်ပေးမှာ … ဟုတ်လား ။ အသိပညာဆိုတာ ဘာသာ တရား က ထိပ်ဆုံးကလာတယ် ဘာသာတရားမရှိရင် ငါ့ညီမကလေး ပညာလေးတော့တတ်ပါရဲ့  မသိ တတ် မလိမ္မာတဲ့ သူကလေး ဖြစ်တော့မပေါ့ …. ။ အေးအေး ဟုတ်တယ် ဒီလိုကလေး ထိုင်ရတယ် အမေအမြဲ ပြော တယ်မလား မိန်းကလေးဆိုတာ ကျုံ့ ကျုံ့ ယုံ့ ယုံ့ လေးထိုင်ရတယ် ဒါမှ ကျက်သရေ ရှိသတဲ့ ငါ့ညီမရဲ့ …။ မိဘ ဝတ္တရားတွေ ဆရာ့ဝတ္တရားတွေ သားသမီးဝတ်တွေ တပည့်ဝတ် တွေကော ကျေရဲ့ လား။ တရေးနိုးမေး တောင်ရနေရမယ်နော် …။ ရင်ထဲမှာ စွဲနေအောင် မှတ်ထား ….
ဒါတွေက ငါ့နှမကို လိမ္မာအောင် ပညာရှိ ဖြစ် အောင်လုပ်ပေးမှာ … ။ အလဲ … တယ်ကောင်းပါလားဟေ့ အမေရေ အမေ့သမီးလေးတန်းရှိသေးတယ် သား ကိုမေးခွန်းတွေထုတ်နေပြီ … ပညာတတ်တိုင်း ပညာရှိမဖြစ်ဖူး ညီမရဲ့ ထားပါလေ ပညာရှိနဲ့  ပညာတတ် ဘာ ကွာသလဲဆိုတာ နောက်တော့ ကိုကြီးပြောပြမယ် ဟုတ်ပလား …ကြိုးစား ညီမလေးရေ ကြိုးစားကွ။ ကိုကြီး တို့ မှာ ဒီပညာ ပဲ အဖေနဲ့ အမေ့ဆီ က အမွေရမှာ….။ အော် အမေ .. မေ့သမီးတောင် ဘာလို လိုနဲ့ ကြီးကောင်ဝင်လာတယ်နော် … မျက်စိအောက်က အပျောက် မခံ နဲ့ နော်အမေ ကျွန်တော်လည်း မျက်စိဒေါက်ထောက်ကို ကြည့်နေရတယ် …. သမီးမိန်းကလေး မွေးထားတာ မလွယ်ပါဘူး အမေရယ် ပူရပင်ရတယ် ..။ တွေးတွေးပြီး တစ်ခါတစ်လေ လမ်းသွားရင်းနဲ့ တောင် မပြောခဲ့ သတိ မပေးခဲ့ရတာလေး အိမ်ပြန်ပြေးပြီး ပြောလိုက်ချင်တာ … ။ စိုးရိမ်ရတယ် အမေရေ ဒီအရွယ် အဆော့ကလေးက လည်းမက် ဂုံညှင်းလေးထိုး သားရေကြိုးလေးခုန်နဲ့ … အင်း ပုံတိုပတ်စလေးလဲ ပြောပြအမေရဲ့  ဒါမှ သူလိမ္မာမှာ။ ဟဲဟဲ မိချောင်းမင်းရေခင်းပြတာ မဟုတ်ပါဘူး အမေရယ် ကျွန်တော့် နှမလေး ကိုပူလို့ ပါ ချစ်လို့ ပါ အကဲပို ပြောလဲ ခံရမှာပဲ ကိုယ့်မှာမွေးထားတာ ဒီတစ်ယောက်ရှိတာ …။ အမေ ညီမလေး အရွယ်ရောက်ရင် ဘယ်နှယ့်  လုပ်မလဲ ဟင်။ လမ်းသွားရင်း ကလေးမငယ်ငယ်တွေ ကောင်လေးငယ်ငယ်တွေနဲ့ တွဲတွဲလာရင် ကျွန်တော် တော့လေ လက်တောက်လောက်နဲ့  ရည်းစားထားရသလားလို့ ပြေးပြေးပြီးသာ ပိတ်တီးပစ် လိုက်ချင်တယ်။ ခက်တာက ကိုယ့်မလဲ နှမမွေးထားတော့ ဝဋ်လည်မှာလည်းစိုးရတယ် အမေရဲ့ … ကိုယ့်နှမလေး အဲလို မဖြစ် အောင် သေသေ ချာချာ ဆုံးမ မှဖြစ်မယ် … အဲလိုဖြစ်လို့ ရှိရင်တော့ ကျွန်တော်တော့ ရင်ကျိုးရချည်ရဲ့ …။ ဆယ် နှစ်ဆယ့်တစ်နှစ်ဆို တာ ငယ် သေးပေမယ့် မေ့သမီး လူကောင်ထွားပုံနဲ့ မို့ တွေးတွေးပြီး ပူရတယ်အမေရေ။ အပျိုများဖြစ်ရင် ကျွန်တော်တော့ဘီလူးဆိုင်းပြီး ငှက်ကြီးတောင် ဓါးကြီးပဲ ကိုင်ထားရမလား၊ ဝါးရင်းတုတ်ပဲ စွဲရမလား မသိပါဘူး …မေ့သမီး အချောလေးက ချစ်စရာလေးအမေရဲ့ ။
အဲ … ကျွန်တော်လည်း သူများနှမကြိုက်တာပေါ့ …. ဒါပေမယ့်ကြိုက်တာက ကျွန်တော်လေး အမေရဲ့ … မေ့သား လေ …. ကိုယ်မှာ နှမလေး မွေးထားတော့ သူများနှမကြိုက်ရင်တောင် ညီမလေးလိုကြိုက်တာပါ ဗျာ။ သားမှတ်မှတ် မယားမှတ်မှတ် ယူမှာပါ …။ ကိုယ်တွေက လူငယ်တွေကြား ပြောနေ ဆိုနေကြတာတွေ ကြား ကြား နေရတာ စိတ်ထဲ မချမ်းသာဘူး အမေရယ် …။ မိန်းမ စိုစိုပြေပြေလေး တွေ့ ရင် ဝတ်ပုံစားပုံက အိနြေ္ဒမရှိပဲ ဆတ် ကော့ နေလို့ ကတော့ ရစရာမရှိဘူး ပြောကြဆိုကြတာ …။ ခက်တယ် အမေရယ် ကျွန်တော်ကတော့ နှမ မွေးထားလို့ ရယ် လားမသိပါဘူး အဲလိုတွေကြားရရင် ရင်တွေ ပူတယ်။ အကြားတွေ မတော်ဘူး အမေရယ်။ အင်းနှမမွေးထားတာနဲ့ တော့ မဆိုင်ပါဘူး တချို့ မောင်တွေက နှမရှိရက်နဲ့ လဲ မစာနာ တတ်တာ တွေ အများ ကြီးပါဗျာ…။ ခက်တော့လည်း ခက်သားလား ဖော်တဲ့ သူက ဖော်တော့လည်း ကြည့်တဲ့ သူကလည်း ကြည့် သပေါ့။ ပါးစပ် ဟော့ရမ်းတဲ့ မောင်တွေ နဲ့ ဆို မောင်နဲ့ နှမ သားနဲ့ အမိ မကြားဝံ့မှ မနာသာ အမေရယ် ဒါမျိုး ကိုယ့်နှမလေး အပြောမခံရအောင် သွန်မှ သင်မှ ဖြစ်မယ် တန်ဖိုးလေး ရှိအောင် ချော့တစ်ခါ ခြောက်တစ်လှည့် ဆုံးမမှ ပဲ့ပြင်မှ ဖြစ်မယ် အမေရေ ….။ သိတဲ့ အတိုင်းပဲ ခေတ်ကသာ တိုးတက်လာတာ ပတ်ဝန်းကျင်ကြီးက ကလေး သာသာ ရှိသေးတာ အယူတွေ အဆတွေ အထင်တွေ အမြင်တွေ ဘာမှ တိုးတက်လာတာမဟုတ်ဘူး။ အရွယ်လေးက ရလာတဲ့ အခါ ဘာသာတရားလေးနဲ့ အုပ်မှ ကလေးများက လိမ္မာသ တဲ့  အမေရဲ့  အရှက် တရားကလေးနဲ့ အကြောက်တရားလေးနဲ့ မှ သိမ်သိမ်မွေ့ မွေ့ နဲ့ ဗိုင်းကောင်း ကျောက်ဖိလေး ဖြစ်မယ် မဟုတ် လား …။ အော်အမေရယ် အဲလို စီကာ စဉ်ကာလေး လုပ်မှ တော်ရာကျမှာ အမေ့ သမီးက အချိန်တန် လင်ယူမှာလေ …. ဟုတ်ဘူးလား…။ သူ့ ရှေ့ တော့ဘယ်ပြောမလဲ အမေရယ် မေ့မို့ ကျွန်တော်က ပြောတာပေါ့ …. အင်းလေ သိပါ့သိပါ့ ကျွန်တော့် အမေက အသွန်ကောင်း အသင်ကောင်း…. ဟဲဟဲ … ။
အော်….. ညီမလေး ညည်းတောင် ဘာလိုလိုနဲ့ အလယ်တန်းအောင်လို့ အထက်တန်းကို တောင်ရောက်ပါပေါ့ လား။ အသားအရေလေးက စိုစိုလက်လက်နဲ့  မျက်လုံးမျက်ဖန်လေးကလည်း အဖေတူလေးမို့  ကောင်းကောင်း ရယ် အရွယ် နဲ့ မမျှအောင် ထွားလိုက် ကျိုင်းလိုက်တာဆိုတော့ ငါ့ရင်ထဲ ပူတယ် ညီမလေးရယ်။ မတော်တရော် နဲ့ များ ဖြစ်သွားရင် အဖေ၊ အမေနဲ့ ကိုကြီးတို့ ရင်တွေကျိုးရချည်ရဲ့ ။ ဒီမယ် ငါ့ညီမ မှတ်ထား သည်းကိုးတန်းမှာ ရည်စားထား လို့ ရှိရင် ကိုးတန်းကျောင်းသားပဲရမယ် … ဟော တက္ကသိုလ်ကျောင်းရောက်မှ ဆိုရင် တက္ကသိုလ် ကျောင်းသားရတယ် ငါ့ညီမရဲ့ …. ညည်းက ပညာလေးသာ ကောင်းကောင်း တတ်လိုက်စမ်း ငါ့ညီမနား အစ်ကို ကြီးမှာ ကပ်လာတဲ့ ကောင်တွေ ဝါးရင်းတုတ်နဲ့ ရိုက်သတ်တောင် ကုန်မှာမဟုတ် ညီမလေးရဲ့  … ဒီတော့ ညည်း က ကိုယ့်ကိုကိုယ် တန်ဖိုးလေး ရှိအောင် ပညာလေးကြိုးစားသင်ပေါ့ကွာ … ဟုတ်လား အေးငါ့ညီမက ပြောသာ ပြောရပါတယ် အလိမ္မာလေးရယ် ပါ …..။ အေး ညည်းကို ပြောရဦးမယ် နာမည်ကျော် ဂျာနယ်လစ် တစ် ယောက် ကပြောတယ် … ယောကျာ်းတွေ က မျက်လုံးကနေကြည့်ချစ်ကြသတဲ့  မိန်းမတွေက နားက ကြားပြီး ချစ်ကြသတဲ့ … အေး ကိုကြီးပြောမယ် … ညည်းပညာတွေ မစုံမချင်းလေ ဘယ်ယောက်ျားပြောတာမှ မယုံမိ လေနဲ့  ။ ညည်းကို ကြိုက်လို့ ပလီပလာ ပြောတယ်သာ မှတ် … ။ အေး ညည်းပညာတတ်လို့ ကိုယ့်ကိုကိုယ် စဉ်းစား ချင့်ချိန်နိုင်တဲ့ အချိန်ရောက် တဲ့ အခါကျတော့မှ သင့်မသင့်ကို ချင့်ချိန်ပြီး ရွေးချယ်ရတယ် မှတ်ထား ဟုတ်လား ညီမလေး။ လောကမှာ လူကောင်းတွေ အများကြီးရှိပါတယ် ကွာ ဒါပေမယ့် လူကောင်းဆိုတာ “ချို” ပေါက်နေတာ မဟုတ်တော့ ညည်း မျက်စိမှိတ်ယုံလို့ ရတဲ့  ယောက်ျားသားဆိုလို့  အဖေနဲ့ ကိုကြီးပဲရှိတယ် မြဲမြဲ မှတ်နော် ။
ဟား င့ါညီမလေးကတော့ တကယ့် ရတနာလေးပဲ ကြည့်စမ်းအမေ ခုဆယ်တန်းအောင်ပြီ ကဲ ဂုဏ်ထူးတွေ ကလည်း တစ်သီကြီး ကြည့်စမ်း ကြည့်စမ်း လှကလည်း လှ အင်း … အေးပါ အေးပါ ဝယ်ပေးမှာပေါ့ ငါ့ညီမ အကြိုက်တွေ လက်ညှိုးသာထိုးစမ်း ကိုကြီးဝယ်ပေးမယ် ….ဟားဟား ဆေးကျောင်း တက်ချင်တယ်…. အေးပါ အေးပါ အမှတ်စာရင်းကြည့်တာ ပေါ့ကွာ ဆေးကျောင်းတက်လို့ ကတော့ ဟို ကိုကြီး သူငယ်ချင်းကိုင်တဲ့ လေ တစ်သိန်းလောက်တန်တဲ့ နားကြပ် တစ်ခု ဘာဆိုလဲ လစ်တမန်ဆိုလား …..အေး ဝယ်ပေးမယ်ဗျာ ငါ့နှမလေး အတွက်။ ညည်းသာ ကြိုးစားနော် ဖျားလို့ နာလို့  ရှိရင် ညည်းပဲ အားကိုးရမှာ ညီမလေးရ … ဟောကြည့် စမ်းပါ ဦး တွေ့ လား ဖေနဲ့ မေ့မျက်နှာကို ဟိုမှာ ညည်းအတွက် ပျော်နေပြုံးနေ လိုက်တာများ ….. အေးအေး ငါ့ညီမ ဆယ်တန်းအောင်ပြီဆိုတော့ ပြောစရာလေး တွေပြောရဦးမယ် ကွ ။….
ဆယ်တန်းဆိုတာ ဘဝမှာ ညည်းဖြေရမယ့် တက္ကသိုလ်က စာမေးပွဲတွေ တင်မကဘူး ဘဝ စာမေးပွဲတွေ အားလုံးရဲ့  အစပဲ … ခု င့ါညီမက ဆယ်တန်းအောင်ပြီ …. ဒီတော့ နောင်ငါ့ညီမ တွေ့ ရမယ့်အခက်အခဲတွေက ခုဆယ်တန်းထက် အဆပေါင်းများစွာ ခက်ခဲ တာတွေချည်းပဲ ….. ညည်းကို ကိုကြီးတို့  အမေတို့  အဖေတို့  က အမြဲ လိုက် စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးကွ။ ဒီတော့ ငါ့ညီမကို စောင့်ရှောက်နိုင်တာ င့ါညီမ ကိုယ်တိုင်ပဲ … ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ဖို့  အသိ ဆိုတာကလေးက အင်မ တန် အရေးကြီးတယ်။ ဒီအသိကို ကိုကြီးတို့  ကပြောဆို ဆုံးမလို့ နည်းနည်းပဲ ရနိုင်မယ်။ ငါ့ညီမ စာတွေ များ များဖတ်ရင် ကိုကြီးပြောတာထက် အဆပေါင်းများစွာ သိလာလိမ့်မယ် … အဲဒီ “အသိတရား” က ငါ့ညီမကို တစ်သက် လုံးစောင့်ရှောက်လိမ့်မယ် …ဒီတော့ စာဖတ် များများ ဖတ် ကြိုက်တာဖတ် နိုင်ငံရေးဖတ်မလား၊ စီးပွားရေးဖတ်မလား၊ ရသစာပေ တွေဖတ် မလား၊ နာမည်ကျော် စာရေးဆရာ ဆရာမကြီးတွေရဲ့ ဝတ္တုတွေဖတ်မလား အကုန် ဖတ်ရ မယ် အဲဒီစာတွေက နေ ညည်းကို သင်ပေးလိမ့်မယ် ပြပေးလိမ့်မယ်။
အချစ်ဝတ္တု… ငယ်တုန်းတော့ ဒါတွေလည်း ဖတ်ချင်ဖတ်မှာပေါ့ အမေရယ် …. ဒါပေမယ့် အချစ်ဝတ္တုတွေထဲမှာ ကောင်းတာတွေ အများကြီးပါ … ဘဝ မှာ လူငယ်တွေ သိသင့်သိထိုက်တာတွေကို အချစ်အကြောင်း နဲ့  ရောထွေးပြီး ထည့်ပေးထားတဲ့၊ ရေးထားတဲ့ စာတွေ အများကြီးပါ။ နောက်သူ စာဖတ်သက် ရလာတဲ့ အခါ ဘယ် စာအုပ်တော့ ဖတ်သင့်တယ်၊ မဖတ်သင့်ဘူးဆိုတာ သိလာပါလိမ့်မယ် မေစိတ်မပူပါနဲ့ ။ ညီမလေးက အဲလောက် မတုံးပါဘူးနော် …အေး ကိုယ့်ကိုကိုယ် စောင့်ရှောက်နိုင်ဖို့ အသိ တွေပေးလိမ့်မယ် စာဖတ်တဲ့ သူဟာ အတွေး အခေါ်တွေ ကောင်းလာမယ် မှန်လာမယ် ချင့်ချိန်တတ်လာမယ် ဝေဖန်တတ်လာမယ်။ အမှားအမှန်ကို ထင်ထင် ရှားရှားမြင်တတ်လာမယ်။ဦးနှောက်ရှိတယ်ဆိုတာ ဒါကိုပြောတာ။ လူကြီးသူမ ဆုံးမလို့  စာတွေဖတ်လို့  ရလာ တဲ့ အသိပညာကသာ င့ါညီမလေး ကို အသက်ထက်ဆုံးစောင့်ရှောက်နိုင်တယ် ဟုတ်လား … ဒီတော့ ငါ့ညီမ စာကို ဖတ်ဖို့ ဘယ်တော့ မှမမေ့နဲ့ ဘယ်တော့မှ မပျင်းနဲ့ ။ ကျောင်းစာတွေ နဲ့ တင် တင်းတိမ်မနေနဲ့  ညည်း သင်ကြားမယ့် ကျောင်းစာတွေဟာ ညည်းကို ထမင်း ကျွေးလိမ့်မယ်။ ညည်းဖတ်တဲ့ စာတွေက စိတ်အတွက် အာဟာရတွေပေးလိမ့်မယ် ခွန်အားတွေ ပေးလိမ့်မယ်။ ပဲ့တစ်ခုလို လှေကို လိုရာရောက် အောင် လမ်းမမှားရအောင် ထိမ်းပေးလိမ့်မယ်။ စိတ်အဟာရ နှလုံးသား အဟာရ လို့ ခေါ်တယ် ညီမလေးရဲ့ ။ အဲတာ အသိတရားပဲ….. အသိတရားမရှိတဲ့ သူဟာ ပညာတွေ မိုးလောက်ကြီး တတ် ပျံနေအောင်တတ် … သူ့ ဘဝမှာ ဘယ်တော့မှ ကြီးပြင်းမလာဘူး … ရင့်ကျက်မလာဘူး … ဒီတော့ ငါ့ညီမ ပညာ တတ်ရုံမကဘဲ ပညာရှိကြီး ဖြစ်အောင် ကြိုစားပြီး ရသမျှ ဗဟုသုတတွေကို အရူးလွယ်အိတ်ထဲ တွေ့ သမျှ ပစ္စည်းတွေ ထည့်သလို စုတော့ ဆောင်းတော့ အဲဒီအသိတရားဟာ င့ါညီမရဲ့ အားကိုးရာပဲ သူကသာ ညည်းကို တစ်သက်လုံး စောင့်ရှောက် ပါလိမ့်မယ် ညီမလေးရေ ……….။
အော် င့ါနှမလေး ဆရာဝန်မလေး ကြည့်စမ်း ဂျူတီကုတ် အဖြူရောင်လေးနဲ့ ကျက်သရေတွေရှိနေလိုက်တာ … လည်ပင်းမှာလည်း ငါလက်ဆောင်ပေးထားတဲ့ နားကြပ်ကလေးစွဲလို့ အင်း …. ဆရာဝန်မအလောင်းလျာလေး ပညာ မာန်ကလေးနဲ့ မျက်နှာကလေးကလည်း ချီလို့ ။ ပြုံးလိုက်ရယ်လိုက်ရင် င့ါညီမလေး အင်မတန် ချစ်စရာ ကောင်းပါလား …. အင်း ငါ့မမြင်ကွယ်ရာမှာ ချစ်သူရည်းစားတွေများထားနေရော့သလား အင်းလေ အရွယ် ရောက်တော့လည်း အတောင်အလက်တွေ စုံတော့လည်း ပျံကြသန်းကြတာ မဆန်းပါဘူးလေ …. သူလည်း စဉ်းစား ချင့်ချိန် နိုင်တဲ့ အရွယ်ရောက်နေပြီပဲ … စကားပြောပုံ နေပုံထိုင်ပုံလေး ကြည့်ရသလောက်တော့ မဆိုး ရှာပါဘူး။ မိဘကိုလည်း သိတတ်၊ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့ မွေ့ လေး။ ဆေးကျောင်းသူလေး ဖြစ်ခါမှ မအား မလပ်ရတဲ့ ကြားထဲ ဘာသာတရားလေးကလည်း ယုံယုံကြည်ကြည်လိုက်စားတော့ အင်း လိမ္မာနေ တာ လည်း မဆန်းပါဘူးလေ …. ငါ့ဘာမှမပြောတာ ကောင်းတယ်။ ဒီအချိန်မှာ သူ့ မှာ ပညာလေးက တတ်လာ တော့ ကိုကြီး ချစ်လို့ ပြောတာတောင် တစ်မျိုးမြင်သွားဦးမယ် လိုမှအပ်မှ ထိန်းသိမ်းတာ ကောင်းပါတယ် … အစ်ကို လုပ်တဲ့ သူကို တော့ အချစ်ရှာသား။ ဘာမဆို ဖွင့်ဟ တိုင်ပင်လို့ ဒီအစ်ကိုကတောင့် ရှက်ရှက်နဲ့  အမေ့ ကိုပြောဟ ဒါတော့ ငါမပြောတတ်ဘူး လို့ ပြောပြောလွှတ်ရတယ် ခုတော့ ကိုကြီးပါးစပ်ကိုအသာလေး ပိတ်ထား တယ် ညီမလေးရယ် သိလား ညည်း အသိကလေး နဲ့  ငှက်ကလေး တစ်ကောင်လို ညည်း အပျံသင်ဦးတော့ အတွေ့ အကြုံတွေ ယူဦးတော့ ဒါမှ တကယ် ဘဝမှာ ပျံရသန်းရတဲ့ အခါ အစ်ကိုကြီးကို လှည့်မကြည့်ရမှာ …။
အော် … ထင်ပါတယ် မျှော်လင့်လည်းထားပါတယ် …. အမေရယ် အရွယ်ရောက်တော့လည်း သမီးကညာ အခါ မလင့်စေနဲ့ ပေါ့ မောင်တကျိပ်ရှိလို့ မတင့်တယ်ဘူး ဆိုတယ်မလား ခု မောင်လည်း တစ်ကျိပ်မရှိပါဘူး ပြေးကြည့် မှ ဒီအစ်ကိုနဲ့ ဒီိညီမ နှစ်ယောက်တည်းရှိတာ။ အမေတို့ ကလည်း အသက်ကြီးပြီ။ သူလေးလည်း ပညာစုံလို့  လုပ်ငန်းခွင် ရောက်ပြီ …… ခွင့်ပြုရမှာပေါ့ အမေရယ် ခွင့်ပြုလိုက်ပါ …နော် …။ မငိုနဲ့ အမေရယ် နော် မငိုနဲ့ …. ဟိုမှာ အဖေတောင် တမိုင်မိုင် တတွေတွေ ဖြစ်နေတယ်။ … သဘာဝလေ … ဒါသဘာဝပဲ …. သူတွေ့ မလာ ရင်တောင် မေနဲ့ ဖေ ကရှာပေးကြမှာ မဟုတ်လား ဟိုကောင်လေးကလည်း မဆိုးဘူးထင်ပါတယ် … ဥပတိရုပ် လေးက တော့ ခပ်ကောင်းကောင်းရယ်ပါ …. ဆရာဝန် ချင်းဆိုတော့လည်း သဘောတူလိုက်ပါ အမေ ရယ် တော်ကြာ ညီမလေး စိတ်မကောင်းဖြစ်နေရပါဦးမယ် …နော် ….။ ကဲ ပါအမေရယ် လာတောင်းလှည့်လို့ သာ ပြောလိုက်ပေါ့ ….. အချိန်ကျလာရင် ဘယ်အရာကိုမှ တားလို့ ဆီးလို့ မှ မရတာပဲ လေ ။
ဟင် …. သူတို့ ညီမလေးကို ခေါ်သွားကြတော့မယ်ပေါ့ … အင်း ယောင်နောက်ဆံထုံးပါတယ်ဆိုတာ ကိုကြီးသိ ပါတယ် ညီမလေးရယ် … ဒါပေမယ့်လေ ညီမလေးက ကိုယ်ကြီးလက်ပေါ်မှာ ကြီးလာတာ ငါ့ညီမလေးကို ငါ့ သမီးလေးလို လေ ချစ်ခဲ့တာ ပြုစုပျိုးထောင်ခဲ့ရ စောင့်ရှောက်ခဲ့ရတာ …. ခု အဖေနဲ့ အမေကို ကန်တော့နေကြပြီ ဟင် …. ဒါဆို ဒီညကတည်းက ညီမလေး အိမ်ကထွက်သွားတော့မှာပေါ့။ ညီမလေးရယ် … ငါလေ ဟန်ဆောင် နိုင်လိမ့် ကိုယ့်ကိုကိုယ် ထိန်းနိုင်လိမ့်မယ် ထင်ထားတာ။ ငါ အိမ်ကို ပြန်မလာဘဲ တစ်နေရာရာ မှာ သွားနေ လိုက်ရမှာ။ ခုတော့ ခက်ပြီ ညီမလေးရယ်။ ဟိုမှာ ဖေဖေ့ မျက်နှာညိုနေတယ် ဖေ ဆုတောင်မပေးနိုင်ဘူး …. မေကတော်လိုက်တာ မေအရမ်းထိန်းနိုင်တယ်နော် ….. မေ ကျွန်တော် လေ ဒီကန့် လန့် ကာနောက်ကနေ ရပ်ကြည့်နေတယ် သိလား ညီမလေးများလှနေလိုက်တာ ညီမလေးရေ နင့်ကို ကိုကြီးတို့ ဆိုင်ပဲဆိုင်ပါတယ် မပိုင်တော့ပါဘူး …. လိမ္မာရစ်နော်။ လင့်အိမ်ယာမှာ သာယာပျော်ရွှင်ပါစေ ညီမ လေး ရယ် ဟိုကောင်လေး ကလည်း နင့်ကို ချစ်ရှာသားလား …. အေးပေါ့ကွာ … ငါ့ညီမလေး ကို ခွဲရတော့ မှာ ဆိုတော့ ကိုကြီးလေ ကိုကြီးရင်ထဲမှာ မချိဘူးကွာ ဟာတာတာကြီးနဲ့ ။
မနက်လင်းလို့ အသံစာ စာနဲ့ အိမ့်ဆည်းလည်းလေး မြည်တာ ကို ကိုကြီးတို့ ကြားရမှာမဟုတ်ဘူး မနက်စာစား ရင် နင်ထိုင်တဲ့ ခုံကိုကြည့်ပြီး ကိုကြီးတို့ တွေ ညီမလေးကို လွမ်းကြရ မှာ …. ရင်ထဲမှာ ဘယ်လိုလဲမသိဘူး ညီမ လေးရယ် နင့်ကို မသွားနဲ့  မသွားပါနဲ့  လို့  ကိုကြီး ပြောချင်တယ်။ ဟိုကောင့် လက်ထဲကနေ င့ါညီမလေးကို ပြန်စွဲထားလိုက်ချင်တယ် …. ဒါပေမယ့် ခုတော့ နင်ကောင်းစားဖို့  နင်စိတ်ချမ်းသာဖို့  ကိုကြီးတို့ လွမ်းရ ဝမ်းနည်းရတာ အပရိက ပါ ကွာ။ ပျော်အောင်နေ ပေါ့ကွာ … နော် ညီမလေး …. ။
ဟင် မလာနဲ့ ညီမလေး နင်ငါ့ဆီမလာနဲ့ … ငါ့ အခန်းထဲ ဝင်ပြီး တံခါး ပိတ်ထားလိုက်ပြီ။ နင့်ကို ငါတွေ့  လို့ မဖြစ်ဘူး။ ငါ …. ငါလေ ကိုကြီး င့ါညီမကို မတွေ့ ချင်ဘူး။ နောက်နေ့ မှ လာ ပါ ကွာ။ ငါ ပြင်ဆင်ထားပေ မယ့် ဖေ့လိုပဲ ငါ ဟန်မဆောင်နိုင်ခဲ့ဘူး … နင့်ကို တွေ့ ရင် ငါငို မိလိမ့်မယ် ဟင် ညီမလေး မလာပါနဲ့ နင် ဘယ် လောက် တံခါးခေါက်ခေါက် ငါမဖွင့်ဘူး။ ကိုကြီး ငိုနေတယ် ညီမလေးရဲ့ ။ ကိုကြီးလေ ရင်ထဲ ဘယ်လို ကြီး ရယ် မသိဘူး မျက်ရည်တွေလည်း ကျတယ်ညီမလေးရယ်။ နင်ကိုမြင်ရင်လေ အိုမဖြစ်ပါဘူး နင့် ယောက်ျားရှေ့ မှာလည်း ငါရှက်ရမယ်။ ညီမလေး လည်း ငါ့မြင်ရင် ဝမ်းနည်းရမှာ သွားတော့ …..သွားတော့ ….သွားတော့ညီမလေး ငါမဖွင့်ဘူး ငါ … ဟင် အဲသည်လို မလုပ်နဲ့ လေ ကလေးလေးရဲ့ ဟိုမှာ မိဘတွေ ဧည့်သည် တွေလည်းရှိတယ် …. ဒီကလေးတော့လား ခက်ပြီ…. အေး နေဦးနေဦး ငါ့မျက်ရည်တွေ သုတ်ပါရစေဦး ဟင် .. ညီမလေး နင်လည်း ငိုနေတယ် ဟလား … ဟော ကိုကြီးမလာရင် နင်မသွားဘူးတဲ့ လားညီမလေးရယ်။ ဒုက္ခ ပါပဲ ။ဟင်း …… ဒီမျက်ရည်တွေကလည်း ဘယ်လိုလုပ် ကျနေပါလိမ့် ခက်တော့တာပဲ လုပ်ပါဦး။ ဘယ့်နှယ့် လုပ်ရပါ့မလဲ ….
အေးအေး ငါလာပါပြီ… ညီမလေးရယ် … ဟင် မျက်ရည်တွေနဲ့ ပါလား … တိတ်တိတ် ကလေးလေး ကိုကြီး ခေါင်းနည်းနည်းကိုက်လို့ ပါ…. အင်းဒါမှလည်း လူကြားကောင်းမယ် မဟုတ်လား …. ဟိုမှာ လူတွေကလည်း ကြည့်နေတယ် ကလေးလေးရယ် … အေးပါ။ ဟင် ငါဘယ်လို ဆုပေးရမလဲ ညီမလေး အိုအောင် မင်းအောင်ပေါင်းရပါစေ ငါ့အသံတွေ တုန်နေတယ် ညီမလေးရယ် ငါ … အံကြိတ်ထားတယ် သိလား ငါမငိုဘူး ကန်တော့ ကန်တော့ အေးအေး သွားတောညီမလေး ရယ် ကိုကြီးတာဝန်တွေလည်း ကျေပါပြီ ငါ့ညီမလေးလည်း ပျော်ရွှင်ရပါပြီ ကိုကြီးက င့ါညီမလေးကို ချစ်တာကိုး ..... ကွယ် ….အေးအေး သွားတော့ ညီမလေးရေ သွားတော့ …..သတိရနေမယ်နော် ….. ကိုကြီးလွမ်းနေမယ် ….. ညီမလေးရေ…….. ။
ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank
Wednesday, July 29, 2015
ခြားနားရင်ခွင်လေး
ဒီpostsလေးက ဆရာတယောက်ဆီကshareတာပါခင်ဗျာ
အရမ်းကောင်းတဲ့ ဝတ္တုလေးပါကျွန်မ အိပ်ပျော်နေရာမှ နိုးသည်လည်းမဟုတ်။ အိပ်ပျော်နေသည် လည်းမဟုတ်။ အိပ်ယာ နိုးခါနီး မသိတသိ အချိန်ကလေးမှာ ပါးပြင်က နူးညံ့တဲ့ အထိအတွေ့ တစ်ခုကို ခံစားရင်းက သာယာကြည်နူးနေမိသည်။ မောင့်ရင် ခွင်မှာ ကျွန်မပါးလေးအပ်ထားရတဲ့ အရသာဟာ တ ကယ့်ကို ရစ်မူးဖွယ်ရာဖြစ်လို့ နေသည်။ မောင့် ရင်ခွင်မှာ မှိန်းနေရင်းက မျက်လုံး လေး အသာလှန်ပြီးကြည့်လိုက်ရင် မောင့် မျက်နှာ၏ တစ်စိတ်တစ်ပိုင်း နှင့် မောင့် မေးစေ့ သွယ် ဝိုင်းဝိုင်းကို တွေ့ ရမည်။
အဲဒီလိုအချိန်မှာ မောင်များနိုးနေရင် ကျွန်မကိုပြုံးပြီး ကြည့်ကောင်းကြည့်နေမည်။ အဲဒီ နောက် မောင်ကျွန်မနဖူး ကို နူးညံ့စွာ နမ်းရှိုက်မည်။ မောင်က ကျွန်မ ကိုတင်းတင်း ကြပ် ကြပ် ပွေ့ ဖက်လိုက်တဲ့ အခါ ကျွန်မ ကလည်း မောင့်ရင်ခွင်ကို အသာနမ်းလျှက် မောင့်ကို ပြန်ပြီးဖက်တွယ်မိမည်။ မောင့်ရင်ခွင်ဟာ ကျွန်မအတွက် ဆွတ်ပျံ့  ကြည်နူးမှုတွေ တမ်းတ မက်မောမှုတွေနဲ့ ပြည့်နှက်လို့ နေသည်။
ကျွန်မ မျက်လုံးကိုအသာဖွင့်ပြီး မော့ကြည့်လိုက်သည်။ ကျွန်မ နှလုံးသားသည် ရုတ်တရက် ဒိန်းကနဲ့ မြည်ကာ ကြောက်မက်ဖွယ်ရာ တုန်ခါသွားပါသည်။ ကျွန်မမျက်လုံးကို အသာလေး ပြန်မှိတ်ထား လိုက်ရသည်။ ကျွန်မရင်ခုန်သံကို ကျွန်မ ထိတ်လန့် ဖွယ်ရာ ကြားနေရသည်။ ကျွန်မ ရှက်ရွံ့ မှုတွေ သိမ်ငယ်မှုတွေ အပြင် အပြစ်တစ်ခုကို ကျူးလွန်လိုက်တဲ့ အခါမှာ ခံစားရ တဲ့ စိုးရိမ် ပူပန်မှုတွေကိုပါ ရောထွေးပြီး ခံစားလိုက်ရသည်။ ကျွန်မမျက်နှာတစ်ခုလုံး တရှိန်းရှိန်း နဲ့  ပင်ပူလာ သည်။
ကိုဦး သည် ကျွန်မကို ညင်သာစွာပွေ့ ဖက်လျှက် အိပ်ပျော်နေစဲဖြစ်သည်။ ကိုဦး၏ အသက် ရှူသံကို တိုးသက် ညင်သာစွာ ကျွန်မကြားနေရသည်။ ကျွန်မ နဖူးပြင်ကို ကိုဦး၏ ဝင်လေ ထွက်လေများက ညံ့ညံ့သဲ့သဲ့ တိုးခတ် နေသည်။ ကျွန်မသည် နွေးထွေးလှသော ကိုဦး၏ ရင်ခွင်တွင် တခိုက်ခိုက်တုန်အောင်ပင် ချမ်းစိမ့်လာသလို ခံ စားနေရလေသည်။ ကျွန်မ ကိုဦး ကို စိတ်ထဲမှပင် အကြိမ်များစွာ တောင်းပန်နေမိသည်။
ကိုဦးနဲ့ ကျွန်မတို့ အိမ်ထောင်သက် မကြာသေးပါ။ ကျွန်မ မူးဝေစွာ နိုးထလာချိန်တွင် ဤ သို့ သော ရှက်ရွံ့ ဖွယ် ရာခံစားမှုတွေ ကျွန်မရဲ့ မသိစိတ်က မောင့်အပေါ် စွဲလမ်း တွယ်တာ မှု တွေ သည်ယနေ့ ထက်တိုင်ကြွင်းကျန်နေ စဲ။ ကျွန်မ သက်ပြင်းကို မသိမသာလေး ခိုးပြီးချ လိုက်ရသည်။ ကျွန်မရင်တွေ လေးလံလို့ နေသည်။ ကျွန်မရှူ ထုတ်လိုက်သော လေသည် အထစ်အငေါ့များစွာဖြင့်၊ ကျွန်မ ရင်တွေကလည်း လှိုက်လှိုက်ခါခါဖြင့် တုန်လို့  နေလေ သည်။
ကျွန်မချစ်သူ မောင်သည် ဆယ်ကျော်သက်ဘဝမှသည် ကိုဦးနှင့်ကျွန်မ လက်မထပ်မီ တစ် နှစ်အလို အချိန်အထိ ကျွန် မနဲ့ အတူ အရိပ်လိုရှိနေခဲ့သူဖြစ်သည်။ ကျွန်မနှင့်မောင်သည် ခွဲလို့ ခွာလို့  မရတဲ့ စုံတွဲ ရယ် လို့  အပေါင်းအသင်း သူငယ်ချင်းများကပင် ငြူစူရလောက် အောင် တတွဲတွဲနှင့် မခွဲနိုင်မခွာရက် ချစ်ခဲ့ ကြ သူ များ ဖြစ်ခဲ့ လေသည်။
“အချိုမြိန်ဆုံးပျော်ရွှင်မှု ကို အချစ်ဖြင့်ရရှိနိုင်သည် .....”
ကျွန်မ မောင့်၏ ပျော့အိညိုမောင်သောဆံပင်တွေကို ချစ်သည်။ မောင့်ရဲ့ လည်ဂုတ်နား ရောက်နေသော ဆံပင် ညိုညိုတွေ ဖြီးပေးတဲ့ အခါ မောင့်ဆံပင်တွေဟာ ဘီးနောက်သို့ မလိုက်ချင်သလို ရုန်းထွက်သွားတတ်သည်။ မောင့် မျက်ဝန်းတွေကို ကျွန်မကြည့်မိရင် မောင့်ရဲ့  အဲ ဒီအကြည့်တွေ ခေါ်ရာနောက်ကို ကျွန်မ မျက်စိစုံမိတ်ကာ လိုက် သွားမိမည်ဖြစ်သည်။ မောင်ရယ် သွေးလိုက်ရင် တော့ ကျွန်မ ရင်ထဲမှာပင် လှိုက်ကနဲ မြူးသွားတတ်သည်။
ကျွန်မ ခင်ပွန်းကိုဦး တွင်တော့ မောင့်မှာလို ညိုမှောင်သောဆံပင်တွေထက် မဆိုသ လောက် ကြမ်းရှသော၊ အ နည်းငယ်ရှည်လာပါက အဖျားတွင် တွန့် ခေါက်သွားတတ်သော ဆံပင်းမျိုးသာရှိသည်။ ကျွန်မ ကိုဦးကို ခေါင်း လျှော်ပေးတဲ့ အခါ ကိုဦးက မောင့်လို ဘယ် နားလေးကို တော့ နှိပ်ပေး၊ ဒီနားတော့ယားတယ်၊ ဆံပင်တွေ ကို အတင်းကြီးမဖြီးနဲ့ နော် လို့  ကျွန်မကို ဆရာ မလုပ်ပဲ အသာလေးငြိမ်သက်နေတတ်သည်။ ကိုဦးဆံပင်တွေကို ဖြီး ပေးတဲ့ အခါ သူ့ ဆံပင်တွေဟာ ဘီးနောက်ကိုလိုက်မည်ထက် ဘီးကိုကျစ်လိမ်၍ ဆွဲထား တတ်သော ဆံပင်မျိုး ဖြစ်လေသည်။
ကိုဦး၏ နက်မှောင်သောမျက်ဝန်းတွေသည် ကျွန်မမျက်ဝန်းမှသည် ရင်ထဲအထိ ထိုးဖောက် မြင်နိုင်သောမျက်လုံး မျိုးဖြစ်သည်။ သို့ သော် တည်ကြည်၍ ကြင်နာတတ်သော ဒီမျက်ဝန်း ပိုင်ရှင်တို့ သည် သူတို့ ရင်ထဲ ခံစားချက်တွေ ကို တစ်ပါးသူမသိမြင်အောင် ဟန်ဆောင်ဖုံး ကွယ်ထားနိုင်လွန်းကြသည်။
မောင့် မျက်နှာသည် ကိုဦးလို ယောက်ျားဆန်လွန်းသောမျက်နှာ မျိုးမဟုတ်။ မောင့်မျက်နှာ သည် မုတ်ဆိတ် ပသိုင်းကင်းစင်လျက် နုညက်သည်။ ကိုဦး၏ မျက်နှာကတော့ ဒေါင့်ချိုး တိုင်းတွင် မုတ်ဆိတ်မွှေးပသိုင်းမွှေး တို့  ကိုစနစ်တကျ ရိတ်ပယ် ထားသဖြင့် စိမ်းစိုလို့ နေ သည်။ ကိုဦးမျက်နှာက မောင့်မျက်နှာလို မချိုပေမယ့် ကိုဦးရဲ့  တည်ကြည်မှုတွေက ကျွန်မ ရင်ထဲ မှာ ယုံကြည့်အားကိုးမှုတွေကို ပေါက်ပွားလာစေသည်။
ကျွန်မလေ မောင့်ချစ်သူဘဝမှာ မောင့်ရဲ့ချောမောလှပမှုကြောင့် ကျွန်မရင်ခွင်ထဲကနေ မောင်ထွက်သွားမှာ ကျွန် မကိုထားခဲ့ ပြီ မောင် တခြားသော မိန်းမတစ်ယောက်ရဲ့ ရင်ခွင် ကိုရောက်သွားမှာ ရူးသွပ်မတတ် ပူပင်ခဲ့ ရသည်။ မောင်ရဲ့  ဖော်ရွေမှုတွေကြောင့် ကျွန်မနဲ့ မောင် အကြိမ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ ရသည်။ မောင့်ရင်ခွင်မှာ ရှိစဉ်က မောင့် အချစ်တွေ ထက် မောင့်ကိုဆုံးရှုံးရမှာကို စိုးရိမ်ရတဲ့ ခံစားမှုတွေနဲ့ ပဲ ကျွန်မစိုးရွ့ံထိတ်လန့် နေခဲ့ရ သည်။
မောင့်နှုတ်ခမ်းတွေသည် ယောကျာ်းတစ်ယောက် အတွက်ပါးလျလွန်း သည်။ သို့ သော် ကျွန်မ အဲဒီမောင့် နှုတ်ခမ်းရဲ့ အနမ်းချိုချိုတွေအောက်တွင် အသိပျောက်လုမတတ် ရူးသွပ် မိန်းမောခဲ့ ရသည်ပဲလေ။ မောင့်ရဲ့ ဖြူနွဲ့  တဲ့ ဟန်ပန်တွေ ၊ ပူနွေးချိုမြတဲ့ အနမ်းတွေ၊ ကဗျာ ဆန်တဲ့ မောင့်စကားတွေ၊ မောင်ရယ်မောလိုက်ရင် ကျွန်မ ဘဝကြီး တစ်ခုလုံး ပြုံးပျော်သွား သလို တောင်ခံစားခဲ့ ရပါသည်။
ကိုဦးက မောင့်လို မနူးညံ့ပါ။ မောင်ဆိုပြသောသီချင်းတွေ မဆိုထားနှင့် သူအလွန်ကြိုက်နှစ် သက်ပါသည် ဆို သော သီချင်းတစ်ပုဒ်ကိုပင် ဖြောင့်အောင်ဆိုပြတတ်သူမဟုတ်။ ဂီတာတီး ၍ သီချင်းဆိုပြ ဖို့ ဆိုသည်မှာတော့ ကိုဦး ဘဝတွင် တွေးတောင်တွေးဖူးမည်မဟုတ်ဟု ကျွန်မထင်သည်။ မောင် ဂီတာတီးပြီးသီချင်းဆိုလိုက် ရင် ကျွန်မ မောင့်အသံနောက်သို့ စီး မျော၍ပါသွားတတ်သည်။ မောင့်ဂီတာတီးသော လက်သွယ်သွယ်တွေသည် ကျွန်မ မျက် လုံး ထဲတွင် ညင်သာစွာကခုန်နေတဲ့ ကချေသည်တွေလို။
မောင်မျက်လုံးလေး မှေးစင်းလျက် သီချင်းညည်းနေ ပုံသည် ကျွန်မမျက်လုံးထဲမတော့ အ ပြစ် ကင်းသော က လေးတစ်ယောက်လို။ သို့ သော် ကိုဦးရင်ခွင်ကိုမှီနွဲ့ ရင်း ဗီစီဒီကာရာ အိုကေတွေနားထောင် ရတဲ့အခါကျပြန် တော့ ကိုဦးက ကျွန်မဆံပင်တွေကို ညင်ညင်သာ သာ ပွတ်သပ်ပေးနေတတ်ပါသည်။ ကျွန်မသည် ကိုဦး၏ အ ကြင်နာ တွေ အောက်တွင် အပြစ် ကင်းသော ကလေးတစ်ယောက်လို အိပ်ပျော်ချင်ခဲ့ ပါသည်။
“ကျွန်မရဲ့ အသည်းနှလုံးက မီးပုံပေါ်မှာ.......
မီးစတောက်ခါစက အင်မတန်လှပသလောက်....
အရှိန်ကောင်းလာတော့ လောင်မြိုက်လာပြီ.......
သူ့ ရဲ့ ရက်စက်မှုတွေကို ပြင်းပြ ပူလောင်စွာခံစားရပြီ.....”
ကျွန်မ ရူးမတတ် ချစ်လှပါသော မောင့်ကို ထားပြီး ကိုဦးရဲ့ ရင်ခွင်ကို ဘာလို့ များ ကျွန်မခို ဝင်ခဲ့ ပါသနည်း။ ကျွန် မသူငယ်ချင်းအားလုံးက ဘာဖြစ်လို့ လဲ ဟူသောမေးခွန်းကိုမေး တိုင်း ကျွန်မ ရင်တွေနာကျင်ခဲ့ ရသည်။ ကျွန်မ မောင့်ကို အရာအားလုံးထက် ပိုပြီးချစ်ခဲ့ပါ သည်။ မောင့်မျက်လုံးတွေကိုချစ်သည်။ မောင့်အနမ်းတွေကို ချစ်သည်။ မောင့် ရင်ခွင်ကို စွဲလမ်းမိခဲ့သည်။ မောင့် ဂီတတွေ မောင့်သီချင်းတွေနဲ့ အတူ ကျွန်မ မောင့်ရင်ခွင်မှာ မှေး စက် ခဲ့  ဖူးသည်။
မောင် ဟာကျွန်မဘဝမှာ အလိုအပ်ဆုံးလူ၊ မောင်ရှိရင် ကျွန်မ တွင်အရာရာပြီးပြည့်စုံသည်။ ကျွန်မဘဝမှာ မောင် မရှိရင် မဖြစ်တော့ပါဘူးလို့ ကျွန်မသိလိုက်ချိန်မှာ ကျွန်မကို လက် ထပ်ဖို့  တောင်းဆိုခဲ့ သည်။ မောင် ကျွန်မရင် ခွင်ကနေ ထွက်သွားခဲ့ ရင်ဟူသော စိုးရိမ်မှုတွေကြောင့် ကျွန်မအနားမှာ မောင် အမြဲရှိနေအောင် မောင့် တစ် မျက်နှာ ကို ကြည့် ပြီး လက်ထပ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့သည်။
ဒါပေမယ့် ကျွန်မ မောင့်ကို အကဲခတ်မှားခဲ့ ပါသည်။ ကျွန်မ ကိုလက်ထပ်ပါလို့ မောင့်ကို တောင်းဆိုချိန်မှာ မောင် ဘက်က ငြင်းဆိုမှုဆိုတာကို ကျွန်မထည့် မတွက်ခဲ့ဘူးပေ။ မောင် ကသူ့ ကိုအချိန်ပေးပါလို့ ပြောခဲ့ ရင်တောင် ကျွန်မ ခွင့်ပြုလိုက်ဖို့ ပြင်ဆင်ခဲ့ ပြီးပြီ။ ကျွန်မ အထင်တွေ လွဲမှားခဲ့ ရသည်။ မောင်သည် ကျွန်မနဲ့ အတူ ပျော်ရွှင် ခဲ့ သည် မှလွဲ၍ ကျွန်မ ကို လက်ထပ်ပေါင်းသင်းဖို့ အသင့်ဖြစ်မနေခဲ့။
ကျွန်မရင်တွေ ကို တစ်စစီ ဆွဲစုတ်ပစ်လိုက်သလိုပင်ခံစားခဲ့ ရပါသည်။ မောင့် မျက်လုံးတွေ က တောင်းပန်မှုတွေ နဲ့ စိုးထိတ်နေပေမယ့် ကျွန်မ မောင့်ကို အားကိုးတဲ့ စိတ်တွေကတော့ ပြိုကျပျက်ဆီးလို့ ကုန်သည်။ ကျွန်မ အ သက်နှစ်ဆယ့်ရှစ်နှစ်ရှိခဲ့ပြီ။ မိဘတွေရဲ့ ပူပန်မှု တွေ၊ ကျွန်မဘဝအတွက် လိုအပ်နေသော လုံခြုံမှုတွေ၊ မောင်နှင့် အတူ ဖဝါးခြေထပ် အတူ ရှိနေခဲ့ တဲ့ အချိန်ကတွေက ကျွန်မကို လက်ထပ်ဖို့ တွန်းပို့ လာခဲ့ ပြီလေ။
“အဆိုးရွားဆုံး ဝမ်းနည်းကြေကွဲရမှုဟာလည်း
အချစ်ကပင် ပေးထားခဲ့ ခြင်းဖြစ်သည် ..... ”
မောင့်မှာ ကျွန်မကို ချစ်တဲ့ အချစ်တွေကလွဲရင် ဘာမှကိုမရှိတာပါလား။ အနည်းဆုံးတော့ ကျွန်မ ယုံကြည် အောင်ပဲဖြစ်ဖြစ် မောင်ကြိုးစားခဲ့ သင့်သည်။ ကျွန်မ မောင့်ကို ထားပစ်ခဲ့ ပါသည်။ နောက်ဆုံးအချိန်မှာ ကျွန်မ မောင့်မျက်နှာကို မကြည့်ဖြစ်ခဲ့ ။ မောင့်မျက်ဝန်းတွေ ကို မြင်လိုက်ရရင် မောင့်ရဲ့ ကြေကွဲ မှုတွေကို ရင်ဆိုင်လိုက် ရရင် ကျွန်မရဲ့ ဆုံးဖြတ်ချက် တံတိုင်းကြီး တဝုန်းဝုန်း ပြိုလဲကုန်မှာကို သိနေခဲ့ ၍ ဖြစ်ပါသည်။
“ ပန်းဆု ချစ်တဲ့ သူတစ်ယောက်ကို မေ့ပစ်ဖို့ ဆိုတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်နားလည်ပါ တယ်။ စိတ်မှာ ကြိမ်ဖန်များစွာ စွဲလန်းခဲ့ တဲ့ ခံစားချက်တွေကို ဖျောက်ဖျက် ပြစ်ရမယ် လို့ ကိုမပြောပါဘူး။ ပန်းဆု ကို နဲ့ လက် ထပ်လိုက် ရင် ပန်းဆုကို့ ကိုချစ် လာဖို့ ကကို့ တာဝန်ပဲ။ အတိတ်က ဖြစ်ခဲ့ တာတွေကို ပန်း ဆု မေ့သွား အောင် အချိန် ယူပြီး ကို ကြိုးစားမယ်။ ပြီးတော့ ပန်းဆုကို ရော ပန်းဆုရဲ့ ဂုဏ်သိက္ခာကိုပါ ကို ယုံကြည် တယ်။ အဲတာတစ်ခု တည်းနဲ့ ပန်းဆုကို ကိုလက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ။”
ကိုဦး မျက်လုံးတွေက မောင့်မျက်ဝန်းတွေနဲ့ ခြားနားစွာ ယုံကြည့်မှုတွေနဲ့ တောက်ပနေ ခဲ့ သည်။ကျွန်မနဲ့ မောင် ပတ်သက်ခဲ့သည်တို့ ကို ကိုဦးက လျစ်လျူရှုပေးနိုင်ခဲ့သည်။ ကိုဦး နှင့် လက်မထပ်မီ တစ်နှစ်တာသည် မောင့် ရင်ခွင်မှ ပြေးထွက်လာသော ကျွန်မအတွက် မုန်တိုင်းထန်ထန် လေထန်ထန်နဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ ရသော နေ့  ရက်များဖြစ်ခဲ့သည်။ မောင့်ကို သတိရစိတ်တမ်းတစိတ်တွေနဲ့  လမ်းခုလတ်ကနေ ပြန်လှည့်သွားရန် ကျွန်မ အကြိမ်ကြိမ် စိတ်ကူးခဲ့ မိသည်။
သို့ သော် ကိုဦး သည် ပါရမီကောင်းသော ပန်းပုဆရာတစ်ယောက်လို ကျွန်မကို ထုဆစ် ပေးခဲ့ သည်။ ကျွန်မ နွမ်းနယ်နေချိန်တွင် ကိုဦးသည်အားဆေးတစ်ခွက်ဖြစ်ခဲ့ သလို၊ ကြေ ကွဲ နာကျင်နေချိန်တွင် ကျွန်မ အယောင် ယောင်အမှားမှားနဲ့  ခေါင်းထားငိုရှိုက်ခဲ့ ရသော ရင်ခွင်ကိုလည်း ပေးခဲ့သည်။ ကျွန်မ မောင့်ရင်ခွင် ကထွက် ခွာလာအပြီး တစ်နှစ်အကြာ တွင် ကိုဦးနှင့်လက်ထပ်ခဲ့ ပါသည်။
ခေါင်းလောင်းဆိုတာ မထိုးမချင်း ခေါင်းလောင်းလို့ မမည်ဘူး.....
သီချင်းဆိုတာ မဆိုမချင်း သီချင်းရယ်လို့ မမည်ဘူး.....
အချစ်ဆိုတာ မပေးဆပ်ရင် အချစ်ရယ်လို့ မမည်ဘူး .....
( Oscar Hammerstein --American Song Writer-- )
ကျွန်မ၏ မင်္ဂလာဦးနေ့ ရက်များသည် ဘယ်တော့မှ ပြန်မလိုချင်လောက်အောင် ခါးသီးနာ ကျင်မှုများနှင့် ပြည့်သိပ်လို့ နေသည်။ သို့ သော် ကိုဦး ၏ ရင်ခွင်သည် ကျွန်မ အတွက် အာ ဟာရဖြစ်စရာ ပျားသကာတွေ၊ ကျွန်မအမောပြေ သောက်သုံးစရာ ရေချိုအေးတွေနဲ့ ၊ နွေး ထွေးလုံခြုံမှုတွေ အေးမြသာယာမှုတွေဖြင့် ပြည့်နှက် နေခဲ့သည်။
“ကို လေ ဒီတစ်သက်မှာ တစ်ခါမှ မချစ်ခဲ့ ဖူးဘူး။ ပန်းဆုကို မေမေ စိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လက်ထပ်ဖို့ ခေါင်ငြိမ့်ခဲ့တယ် ဆိုတာကိုယ်ဝန်ခံပါတယ်.....ဒါပေမယ့် ပန်းဆုကို တွေ့ ရတော့ ကိုယ့်ဘဝကို အလှဆင်ပေးမယ့် ပန်းလေးတစ်ပွင့်ကို တွေ့ လိုက်ရသလိုပဲ .... ကို ပျော်နေခဲ့တယ် သိလား ပန်းဆု .... ပန်းဆုဟာ ကို့ အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါ ... ပန်းဆုကို စတွေ့ လိုက်ရတဲ့ နေ့ ကတည်းက ပန်းဆုကို ကို ချစ်မိသွားတယ်ထင်ပါရဲ့  ...
ကိုဦးရဲ့ ကမ္ဘာမှာ ကျွန်မပျော်လာပါသည်။ ကျွန်မ ဟာပန်းတစ်ပွင့်ဖြစ်တယ်ဆိုရင် ကိုဦးဟာ ဥယျာဉ်မှူးတစ် ယောက် လို ပန်းတွေကို ပွင့်လန်းစေသူဖြစ်သည်။ မောင့်ရဲ့ ရင်ခုန် လှိုက် မော ဖွယ်ရာ ရင်ခွင်တွင် ကျွန်မပျော် ရွှင် ခဲ့ သလို ကိုဦး၏ နွေးထွေးလုံခြုံသောရင်ခွင်တွင် ကျွန်မပြုံးလာနိုင်ခဲ့ ပြီ။ ဒါပေမယ် ကျွန်မကို ခွင့်လွှတ်ဖို့ ကိုဦးကို တောင်းပန်ရဦးမည်။မိုးလင်းတိုင်း အိပ်ရာနိုးတိုင်း ကျွန်မသတိရ သင့်သည့်သူမှာ ကိုဦး ဖြစ်နေသင့် ပါလျှက်နဲ့ ကိုဦးရင်ခွင်မှာ အိပ်စက် လျှက် တစ်ပါး ယောက်ျားတစ်ယောက်၏ ရင်ခွင်ကို (မသိစိတ်နဲ့ ဖြစ်စေ)တမ်းတ လွမ်းဆွတ်နေသော ကျွန်မသည် ကိုဦး၏ ရင့်ကျက်တည်ကြည်မှု နား လည်ခွင့်လွှတ်မှု များ အောက်တွင် သိမ်ငယ်နေမိသည်။ ဗုဒ္ဓဘာသာ မြန်မာမိန်းမတစ် ယောက် အနေဖြင့် တစ်ပါးသော ယေက်ျားကို ကာမပိုင်ရှိလျှက်က အိပ်မက် မက်ခြင်းသည် ပင် အပြစ်ကား ကြီးမားလှပြီဖြစ်သည်။ ကိုဦး ခွင့်လွှတ်နေပါစေ ဦးတော့ ကျွန်မ ကို ကျွန်မ ခွင့်မလွှတ်နိုင်။
“ ကို ကအသစ်အဆန်း လုပ်ရတာ သဘောကျတယ် ပန်းဆုရဲ့ ။ ကိုလေ လွန်ခဲ့ တဲ့ တစ်နှစ် လောက်က ဥယျာဉ်တစ်ခု စပြီးစိုက်ပျိုးခဲ့ တယ်။ ကိုစိုက်ပျိုးတဲ့ ဥယျာဉ်က အသီး အပွင့် တွေ နဲ့ ဝေဝေဆာဆာ ဖြစ်လာမယ်ဆိုတာ ကိုယုံ ကြည်ခဲ့တယ်။ ကို ကလေ ဖြူစင်နေတဲ့ ပန်းတစ်ပွင့်ကို ခူးရမှာထက်၊ လှပလွန်းလို့ ခူးဆွတ်သွားပြီဖြစ်တဲ့ ပန်းလေးကို ကိုယ့် ရင်ခွင်မှာ ဘယ်လိုလန်းဆန်းစေမလဲဆိုတာကိုပဲ စိတ်ကူးရင်ခဲ့တာ ..... အဲ့ဒါ အချစ်ဖြစ်မယ် ပန်းဆုရဲ့ ... ကို့  ရဲ့ အချစ်တွေ ကို ပန်းဆုရဲ့ အင်အားတွေပဲ ဖြစ်စေချင်တယ် .... ကို့ ကို ပန်းဆု ချစ်လာတဲ့ တစ်နေ့ မှာ ကို သတ္တိတွေ အရင်ကထက် ပိုပြီးကောင်းလာမယ် ထင်တယ်ဗျာ ..... ”
အချစ်မှာ ဝန်ထုပ်ဝန်ပိုး ဆိုတာ မရှိ....၊
ဘယ်တော့မှလည်း ဒုက္ခတစ်ခုဖြစ်တယ်လို့ မသတ်မှတ်....၊
သူ့ ရဲ့ ချစ်အင်အားတွေ ဘယ်လို တိုးပွား ခိုင်မာလာမလဲဆိုတာ ကိုပဲ သူကြိုးစားနေတာ.....။
မဖြစ်နိုင်ဘူးဆိုတဲ့ ဆင်ခြေတွေနဲ့ လဲ အယူခံမဝင်တတ်ဘူး .....
ဒါကြောင့်မို့ အချစ်ဟာ အရာတိုင်းကို မြုပ်နှံသဂြို င်္လ်လိုက်နိုင်တာ ...။ (- Thomas A. Kempis - )
ကိုဦး ၏ခွင့်လွှတ်နားလည်သော၊ နေရောင်ကြောင့် နွမ်းနယ်နေသော ပန်းလို ကျွန်မကို၊ လရောင်လိုအေးမြ သာ ယာမှုတွေပေးခဲ့သော၊ အကြင်နာတွေကြောင့် မောင့်ကို တမ်းတ စိတ်တွေသည် တဖြည်းဖြည်း မှေး မိန်လာပါပြီ။ ဒါပေမယ့် မောင်ရယ် မောင့်ကို လမ်းခွဲ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တုန်းက ပြောရတာလွယ်ကူ သ လောက် မောင့် ကို မေ့ဖို့ က တော့ ကိုဦး သာ ဒီလောက် နားလည်မပေးခဲ့ ရင်ကျွန်မ သေပင်သေသွားနိုင် လောက် အောင် ခက်ခဲ လေးလံခဲ့ပါတယ်။
ကျွန်မ ကိုဦး ရင်ခွင်မှာ (ကိုဦးရင်ခွင်ပါလားဟူသော အသိစိတ်ဖြင့်) ကိုဦး၏ စိမ်းညိုညိုမေး ဖျားကို အသာနမ်း လိုက် မိပါသည်။ ကျွန်မ နှုတ်ခမ်း၏ အထိအတွေ့ ကြောင့် ပြုံးရွှင်စွာ နိုး ထလာသော ကိုဦးက ကျွန်မကို အထူး တဆန်း ငုံ့ ကြည့်သည်။ သူ့ ဇနီး ကျွန်မ ဒီကနေ့ ထူးခြားနေတယ်ဆိုတာ ကိုဦးသိသည်ပေါ့။ ကျွန်မ ရှက်ရွံ့ စွာ ကိုဦးရင် ထဲသို့ ခေါင်းထိုးခါ ကျွန်မပါးနှင့် ထိကပ်လိုက်မိသည်။ ကိုဦး ရင်က နွေးထွေးနေသည်။ ကိုဦးရင်ခုန် သံ က တိုးသက်သက် မှန်စွာကြားနေရသည်။ ကိုဦးရင်ခွင် ၏ နွေးထွေးမှုက ကျွန်မပါးပြင်မှသည် တစ်ကိုယ်လုံး သို့  ပျံ့ နှံ့ သွားလေသည်။
ကိုဦး ကကျွန်မကို ခပ်တင်းတင်းဖက်တွယ်လိုက်ပြီး လှိုက်ဖိုစွာရယ်မောလိုက်သည်။ ကျွန်မ ရယ်သံတွေက လည်း ကိုဦး ရယ်သံနဲ့ အတူစည်းချက်ကျစွာ ထွက်ပေါ်လာသည်။ ကိုဦးကို ကျော်၍ ပြတင်းတံခါးဆီမှ ဝင်လာသော နေရောင်ခြည်နွေးနွေး တွေသည် ကိုဦး ရင်ခွင်နှင့် အပြိုင် တောက်ပနွေးထွေးလို့ နေသည်။ ကျွန်မနဖူးကို ကိုဦးက ညင်သာစွာ နမ်းရှိုက်လိုက် သည်။ ထွက်ပေါ်လာသော နေခြည်နုနုနဲ့ အတူ ကိုဦး၏ ပျော်ရွှင်မှုတွေသည် ကျွန်မရဲ့  ပျော် ရွှင်မှုများ ဖြစ်လာခဲ့ပါသည်။ ကျွန်မ မောင့်ကို တောင့်တမိခဲ့သော နံနက်ခင်းအချိန်များသည် ဤ နံနက် ခင်းတွင် ဆုံးခန်းသို့ တိုင်ခဲ့ လေပြီတည်း။
Tuesday, July 28, 2015
ရေတွင်းကြီးခမ်းသွားသောအခါ
ဦးခေါင်းထက်တွင် ပြင်းပြင်းကြီးပူလောင်စွာ တောက်ပနေ သည်။ ဒီနေ မပူလို့ လည်း မဖြစ် သို့ သော်ပူလွန်းပြန်တဲ့ အခါလည်း ကမ္ဘာ ပေါ်ရှိ သက်ရှိ တို့ အ တွက် ဘေးဖြစ်ကြရသည်။ ညှိုးရော် နွမ်းလျနေသော အပင် စိမ်းစိမ်း တို့ သည် နေပြင်း ပြင်း ကို အံတုလျှက်က လေပူပူအလာတွင် လူးကာ လွန့် ကာ နှင့် ယိမ်း ထိုး လူးလာနေ ကြသည်။ ပတ်ဝန်းကျင်တွင် မြင်မြင်သမျှ တံလျှက် တို့ ထ လျှက်က စူးလက်ကာ၊ တောက် လောင်နေသော လေထုနှင့် ပူပူကြီးသာ ရှိနေလေ သည်။
အိမ်ကလေးရှေ့ သို့ သူ ရောက်လာခဲ့သည်။ ထို အိမ်လေးသည် များစွာတော့မကြီးလှ။ ပုဏ္ဏရိပ် ပင်တွေကို စည်း ရိုး အသွင်ပြုထားသည်။ ထို ပုဏ္ဏရိပ် ပင်တန်းက သူ့ခါးမရှိတရှိလောက်ရှိမည်။ ပုဏ္ဏရိပ် ပန်းတွေက အရောင် မွဲ ကာ နီရော်ရော် ကြီးဖြစ်နေသည်။ ခြံအဝမှ မြောင်းကို ကျော်လျှက် သစ်သားတံတားငယ် သေးသေး ကလေး တစ် ခုကို ခင်းထားသည်။ ခြံတံခါးတော့မရှိ ။ ပုဏ္ဏရိပ် ပင်တန်းကြားကနေ တံတား ငယ်လေး ကို ကျော် လျှက် အိမ်ထဲ သို့ လှမ်းဝင် လိုက်သည်။
အိမ်က သွပ်မိုးပျဉ်ကာ တိုက်ခံအိမ်ဖြစ်သည်။ ပျဉ်ချပ်တွေကို ရေနံဝဝ သုတ်ထား၏။ သူတို့ အိမ်က ပျဉ်ချပ်တွေ ရေနံမသုတ်ရတာ နှစ်မိုးလောက်ရှိရော့မယ်ဟု အမေတစ်ခါက ပြောဖူးသည်။ မျက်နှာစာတွင် အုပ်ကွက်များဖော် ကာ အလှဆင်ထားသည်။ အုတ်အိမ်အနီလေးတစ်ခု ဟုဆိုရမည်။ ခြံထဲတွင် ပန်းပင် အတော် များ များကို ပန်းအိုး နှင့်တစ်မျိုး မြေကြီးတွင်စိုက်၍ တစ်ဖုံစိုက်ပျိုးထားသည်။ အိမ်ပိုင်ရှင်သည် ပန်းတွေနှင့် ရင်းနှီး သူတစ် ယောက် ဖြစ် ပေမည်။
သို့ သော် သူ ဒီကိုလာခဲ့သည်မှာ အဖေ့ဆီကို လာခဲ့ခြင်းဖြစ်သည်။ သူ့ ဖခင်သည် ဤသို့ ပန်းများ စိုက်ပျိုးလျှက် နူးညံ့သူ စိတ်ကူးရင်သူ တစ်ယောက် မဟုတ်ပေ။ အဖေ ဒီမှာရှိတယ် ဆိုတာ သေချာရဲ့ လား။ အမေ့ညီမ အန်တီ့ ဆီကရသော အဖေ့လိပ်စာကကော မှန်ရဲ့လား ။ အိမ်မျက်နှာစာ အုတ်ကွက်အနီရောင်ကို အဖြူလိုင်း ဆွဲထား သော နံရံရှိ တရုပ်ကပ်မှန်တံခါးအထက်က အိမ်နံပါတ်နဲ့ တော့ ကိုက်သည်။ .... (၄၇-က) .....
အိမ်တံခါးကို စေ့ပိတ်ထားသည်။ မျောက်လက် က အဟသားဖြစ်နေ၍ အိမ်ထဲတွင်လူရှိ မည်ဟု ခန့် မှန်းရ သည်။ ပုဏ္ဏရိပ် ပင်တွေဝန်းရံထားသော ဤအိမ်ငယ်လေး သည် နေပြင်းပြင်းအောက်တွင် တိတ်ဆိတ် ငြိမ် သက် ၍ နေ သည်။ အဖေ့ကို တွေ့ ချင်ပါသည်။ သို့ သော် ဤအိမ်၏ အရှင်သခင်သည် အဖေ မဖြစ်စေလိုပါ။ သူယူလာသော လိပ်စာသည် အဖေ့ အလုပ်လိပ်စာသာဖြစ်သည်။ အဖေ ခရီးက ပြန်ရောက်ကာစမို့  နားနေ တာလည်း ဖြစ် ကောင်းဖြစ်မည်။ ခရီးပန်းလွန်း၍ အိမ်တန်းမပြန်နိုင်တာလည်း ဖြစ်နိုင်သည်။ အဖေ့သာမန် မိတ်ဆွေတစ် ယောက်၏ အိမ်ဖြစ်ပါစေ ဟု သူ ဆုတောင်းနေသည်။ အိမ်တံခါးတွင် ချိတ်ဆွဲထား သော ကြေး ခေါင်းလောင်း ငယ် ကို အသာ ဆွဲရမ်းလိုက်သည်။
“ အိမ်ရှင်တို့ ရှိပါသလား ခင်ဗျာ .... အိမ်ရှင်တို့ .... ”
သူ့ အသံက အိမ်တွင်းသို့ ခပ်အုပ်အုပ် ဝင်ရောက်သွားသည်။ ရုတ်တရက် ဘာသံမှ မကြားရ အိမ်တွင်းမှ နံရံတွင် ကပ်ထားသော နာရီက တချပ်ချပ် မြည်နေသည်။ “ အိမ်ရှင်တို့ .... ” ခဏအကြာတွင် အိမ်တွင်းမှ အမျိုးသမီးတစ် ယောက် ထွက်လာသည်။ သူ့ ရင်ဒိန်းကနဲ ဖြစ်သွားသည်။ အဖေရှိနေမည် ဆိုသော ဤလိမ်စာ သည် အဘယ့် ကြောင့် မိန်းမတစ်ယောက် ရှိနေသော နေရာဖြစ်နေသနည်း။ သူ များစွာ မတွေးလိုက်နိုင်ခင် အချိန်တွင် ထို အမျိုးသမီးက သံဇကာကွက်ကြားသော တံခါးကို လာရောက် ဖွင့်လေသည်။
“ ဘယ်သူ နဲ့ တွေ့ ချင်လို့ လဲကွယ့် ..... ” သူမ အသံက အနည်းငယ် စူးရှသည်။ သူ့ ကို စေ့စေ့ငင ကြည့်ပြီး စူးစမ်းနေသည်။ သူ အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။ သူမ နှင့်သူ အိမ်အဝ တွင် မျက်နှာချင်းဆိုင်မိကြသည်။
“ ကျွန်တော် အဖေနဲ့ တွေ့ ချင်လို့ ပါ အဖေ ဒီမှာရှိတယ်လို့ ပြောလို့ လာရှာတာပါ ... အဖေရှိလားမသိဘူးဗျ .... အော် အဖေ့ နာမည်က ဦးကျော်စိုးပါ ခင်ဗျာ ...”
“အော် ကိုကျော့်သားကိုး ..... လာလာ ကောင်လေး အိမ်ထဲဝင် ....”
ကို ကျော့်သားတဲ့ ။ သူမ က သူ့ ကို ဧည့်ခန်းသို့ ဦးဆောင်ခေါ်သွားသည်။ သူ ဝတ်စားထားသော အဝတ်အစား သည် ညဝတ်အကျီ င်္သင်တိုင်းကြီးဖြစ်သည်။ သင်တိုင်းကြီး၏အရောင်သည် အိမ်ရှေ့ တွင် ပွင့်နေသော ပုဏ္ဏရိပ် ပန်းတွေ ရဲ့ အရောင်မျိုး ၊ ကြည့်ရသည်မှာလည်း နည်းနည်း မှ အချိုးမကျသော ပုံသဏ္ဍာန်နှင့်။သူမက ဧည့်ခန်း စက်တီ ကုလားထိုင်တစ်ခုတွင် အသာဝင်ထိုင်လိုက်သည်။ ထို အမျိုးသမီးသည် အသက်အားဖြင့် သုံးဆယ့်ငါး သုံးဆယ့်ခြောက်နှစ် ပတ်ဝန်းကျင်လောက်ရှိမည်ဟု ထင်ရသည်။ မျက်လုံးမျက်ဖန်ကောင်းပြီး နှာတံပေါ်ပေါ်နှင့် မို့ သူမ လှနေသေးသည်ဟု ဆိုနိုင်သည်။ သူမ ၏ တွန့် လိမ်နေသောဆံပင်တွေ နီကျဲနေသည်ဟု ထင်မိသည်။
မျက်ခုံးမွှေးကို ခပ်ပါးပါး ဆွဲထား သည်။ နှုတ်ခမ်းသည် နီတွဲတွဲဖြင့် ခြောက်သွေ့ နေသည်။ သူမ မျက်နှာတစ်ခု လုံး သည် ထိုနှုတ်ခမ်းများကြောင့် ပူလောင်သွားသည်ဟု ဆိုနိုင်သည်။ သူ့ အိမ်ထဲဝင်ဖို့ တွန့် ဆုတ်နေသည်။ အသက် ရှူ ရတာလည်း တုံ့ ဆိုင်း နေသည်။ သက်ပြင်းကို အသာချပြီး အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ နေပူထဲ မှ လာ သော သူ့ အတွက် အိမ်၏ အရိပ်သည် အနည်းငယ် အေးမြသွားသည်ဟု ထင်လိုက်မိသည်။ သူမက ကုလားထိုင် ကို ခပ်ပြေပြေမှီလျက် ဒူးတစ်ဖက် ကို အခြားတစ်ဖက် ပေါ်သို့ တင်ကာ ချိတ်ထား လိုက်သည်။
ဖိနပ် ချွတ်မ ဖိနပ်တစ်ရံ သည် သူ့ အား ဆောင့်ကန်လိုက်သလို ကြိုဆို၏။ သားရေဖိနပ်တစ်ရံ ။ ဖိနပ်တွင် ထင် နေ သော ခြေရာသည် သူ နှင့်အလွန်ရင်းနှီး၏။ ခြေမအနားတွင် သိသိသာသာ ချိုင့်ခွက်ဝင်နေသော ထိုခြေရာ သည် ... ။ အိမ်၏ အရိပ် သည် အပြင်တွင် ကျွတ်ကျွတ်ဆူသော နေထက် ပိုပူသွား၏။ အိမ်ခေါင်းရင်းနံရံတွင် လွယ် အိတ်တစ်လုံးချိတ်ထားသည်။ လွယ်အိတ်ကို မြင်တော့ သူ့ မျက်နှာကို အားပြင်းပြင်းနှင့် ဖြတ်အရိုက်ခံ လိုက် ရသလို ခံစားလိုက် ရသည်။ သူ နားနောက်နားမှ စ၍ မျက်နှာတစ်ပြင်လုံး ခေါင်းတစ်ခုလုံး တဖြည်းဖြည်း တရှိန်းရှိန်းပူလာသည်။ ရင်တွေလည်း ခုန်လာသည်။ အဲဒီ လွယ်အိတ်သည် မနှစ်က အဖေနှင့်သူ အတူ သွားဝယ် ခဲ့ခြင်းဖြစ်သည်။ ဒါ အဖေ့အိမ်ပဲ ....။
“ထိုင်ပါ .. ကိုကျော်တော့ မရှိဘူး မင်းဘာပြောချင်လို့ လဲ ...... ကိစ္စက ”
သူမ အသံစူးစူးက သူ့ နားထဲ ဝူးဝူးဝါးဝါး ဝင်လာသည်။ ထိုင်ခုံပေါ် ထိုင်လိုက်ရပေမယ့် မထိသလို ခံစားနေရ သည်။ သူမ မျက်နှာက ခံစားချက်တွေ ကင်းမဲ့ နေသည်။ ဖော်ရွေသော အပြုံးမရှိ .... ။ မကျေနပ်သော အရိပ်အ ရောင် မရှိ ...။ အဲဒီမိန်းမ က အဖေ့ရဲ့ ဘာလဲ ။
“ဟုတ်ကဲ့ ကျွန်တော် အဖေနဲ့ တွေ့ ချင်လို့ ပါ ... အမေကလည်း ဆေးရုံတင်ထားရတယ် ..... ပြီးတော့ ကျွန်တော်တို့ မောင်နှမ ကျောင်းအပ်ရမှာ ရက်သိပ်မကျန်တော့လို့ ပါ ...... ”
အဲဒီ အမျိုးသမီးက သူမ ခေါင်းထက် နံရံပေါ်ရှိနာရီကို အသာမော့ကြည့်လိုက်သည်။ သူ့ ရင်ထဲက မေးခွန်းကို မေးလို့ ကောင်းမလား ... “ အန်တီက အဖေနဲ့ ဘယ်လို ပတ်သက်လဲ ” ဆိုတဲ့ မေးခွန်း .......။ အဖေ့ ဖိနပ်၊ ပြီးတော့ လွယ် အိတ် ....။ သူ့ ကို မွေးထားတဲ့ ဖခင်က အမေ့အိမ်မဟုတ်တဲ့ ဒီအိမ်၏ အမိုးအောက်တွင် ဘာလို့  ရှိနေရသနည်း။ ဒီအိမ်လိပ်စာကိုတောင်းတုန်းက အန်တီက ဘာလို့ မပေးချင်ရသနည်း ။ အန်တီက အဖေ ဘာလုပ်နေတယ်ဆိုတာ သိနေခဲ့၍လား။
“ မဖြစ်ဘူး အန်တီ အမေက ဆေးရုံတင်ထားရတာ အန်တီကို လည်း အားနာလှပြီ .... စရိတ်မျှပေးဆိုပေမယ့် ဘယ် လိုလုပ်မလဲ အမေ့ဆီမှာရှိတဲ့ ပိုက်ဆံလည်း ကုန်ပြီ ... အဖေ့ဆီမသွားလို့ မဖြစ်တော့ဘူး .... အဖေ့ အလုပ် လိပ်စာ အန်တီသိတယ် မလား ... လုပ်ပါ အန်တီရယ် သားသွားပြောလိုက်မယ် ... ပိုက်ဆံမရှိဘဲ အမေ့ ကို ဘယ် လို ဆေးကုမလဲ .... နောက် ဒီအပတ်ထဲမှာ ကျွန်တော်တို့ မောင်နှမ ကျောင်းအပ်ရမယ် ပိုက်ဆံက ကုန်ဦးမယ် ....”
အမေတက်ရောက်နေသော ဆေးရုံ၏ လှေ ကားရုံတွင် အန်တီ့ဆီက ဒီ အိမ်လိပ်စာကို တောင်းခဲ့မိသည်။ အန်တီက မျက်နှာမကောင်း။ သို့ သော် ဘာကြောင့်လဲလို့ လည်းမပြော ....။ တစ်ခုပဲမှာလိုက်သည် ....
“သားလေး ကိုကျော်စိုးနဲ့ တွေ့ ရင် သေချာပြောပြနော် မမလည်း ဆေးရုံတက်နေရတယ် ဆိုတဲ့ အကြောင်း အဖေ့ကို ရိုရိုသေသေပြောနော် ... ကြားလား ကလေး .....”
“အာ အန်တီကလည်း ကျွန်တော်က အဖေ့ကို သွားခေါ်မှာလေ ... အေးဆေးပါ အဖေနဲ့ သား တွေ့ တာပဲ အန်တီက လည်း စိတ်ချပါ အဖေခရီးကပြန်ရောက်ချင်ရောက်နေမှာ တစ်ခါတည်း အပါခေါ်လာမယ် .... ”
အန်တီ သူ့ ကို တစ်ခုခုတော့ ပြောလိုက်ဖို့ ကောင်းသည်။ အန်တီက သိတာပဲ ဒါဆို အမေကော ....။ ရောဂါ ဝေဒ နာ ကြောင့် ပင်ပန်းနွမ်းနယ်နေသော အမေ့ မျက်နှာကို သူမြင်နေမိသည်။ အမေ ..... အမေသိရက်နဲ့ နော်။ သူ့ ရှေ့ ညီမငယ်၏ ရှေ့ တွင် တစ်ချက် မှ အမေ့ မျက်နှာမညှိုးခဲ့ပေ။ “အဖေ အလုပ်များ တယ် ခရီးလည်း ခဏခဏ ထွက်ရတယ် ... မင်းတို့ စာကြိုးစားကြနော် ” တဲ့ .... ဒါပဲ သူ့ ကို အမေအမြဲပြောတဲ့ စကား က ဒါပဲ ....။ အမျိုးသမီး သည် သူ့  အား အသက်မပါသော မျက်နှာဖြင့် ကြည့်သည်။ သူ ဒီ မိန်းမကြီး မျက်နှာကို ကြည့်ရင်းက မုန်းလာ သည်။ လူတစ်ယောက်ကို ဘယ်တုန်းကမှ အဲလောက် သူ မမုန်းဖူးဘူးပေ။ ရင်တုန်နွမ်းလျနေသလို တစ်ကိုယ် လုံးလည်း တုန်တုန်ရီရီဖြစ်နေသည်။ ဘေးဘီကိုကြည့်တော့လည်း အဲဒီ ဖိနပ်နဲ့ နံရံ ပေါ်က တွဲလောင်းကျနေတဲ့ လွယ်အိပ်မှ အပ အဖေ့ အရိပ်အရောင်ကို မတွေ့ ရ ....။ သူ့ ရင်က အဖိခံထားရသလို လေးပင်လာသည်။
“ အေးအေး သူ ပြန်လာတော့ ပြောလိုက်မယ် .... မင်းက ဘယ်နှစ်တန်းရောက်ပြီလဲ ....”
“ဆယ်တန်း .....”
သူ့ အသံက တုန်ရီစွာထွက်သွားသည်။ အဲဒီ မိန်းမကြီး မျက်နှာ မကြည့်ချင်၍ အသာ အိမ်ထဲကို ဝေ့ဝိုက်ကာ ကြည့် နေလိုက်သည်။ အဲဒီ မိန်းမကြီး၏ မျက်နှာမျိုးကို သူ ဘယ်တော့မှ မေ့တော့မည် မဟုတ်။ အေးစက်တဲ့ မျက် လုံးတွေ၊ အပြုံးမရှိတဲ့ မျက်နှာ ...။ တွေ့ ပြန်ပြီ။ အဲဒီ ပြတင်းပေါက်မှာလှမ်းထားတာ အဖေ့ပုဆိုး။ ဖိနပ်၊ လွယ်အိတ်၊ ပုဆိုး .... ။ အိပ်မက် မက်နေတာ ဖြစ်ပါစေ .....။ မဟုတ်ဘူး သူ့ အဖေ ဦးကျော်စိုးက ဒီလို လူမျိုး မဟုတ်ဘူး။ သူ့ ကိုရော ညီမငယ်ကိုပါသိပ်ချစ်တာ။ အမေ့ကိုလည်း ချစ်တာပဲ။ သူ မယုံချင်ဘူး။ မယုံလို့ လည်း မရတော့ဘူး။ သူတို့ အိမ်မဟုတ်သော တစ်ပါးသော အဖေ့အိမ်ထဲမှာ အမေမဟုတ်တဲ့ အဖေ့ မယားကို တည် တည် ငြိမ်ငြိမ်နဲ့  မျက်နှာချင်းဆိုင် စကားပြောရလောက်အောင် သူ့ အရွယ်က ငယ်လွန်းနေသေးသည်။ အမေ့ ကို ပစ်ပြီး ဒီမိန်းမ ကြီးနဲ့ မှ အဖေ တူတူနေခဲ့ရလောက် အောင် ဘာတွေများ အမေ့ထက်သာနေသနည်း။ ဘယ်မှာ လဲ အဖေ့ အချစ် တွေ ။ ဘယ်မှာလဲ သားသမီးသံယောဇဉ်တွေ ...။ ဘယ်ရောက်ကုန်ပြီလဲ ....။ ဒီမိန်းမတစ်ယောက် တည်းနဲ့ သာ ယာနေတဲ့  သူတို့ မိသားစုကို မုန်တိုင်းတိုက် စေတော့မည် ....။ မဟုတ်ဘူး မုန်တိုင်းက တိုက်နေပြီ .... သူက သာ လေပြေအမှတ်နဲ့ ရှိနေခဲ့တာ....။
“အော် ဆယ်တန်းတောင်ရောက်မှကိုး .... မင်းအဖေကို စောင့်ဦးမလား သူက မိုးချုပ်တတ်တယ် ....”
ဆယ်တန်းတောင် ရောက်မှကိုးဆိုတာ ဘာစကားလဲ။ ဘယ်အချိန်ကတည်းက အဖေ သူမနဲ့ အတူတူ ရှိနေရ သလဲ။ သူ ရှက်သည်။ ဝမ်းနည်းသည်။ ယူကျုံးမရဖြစ်သည်။ မုန်းသည်။ အဖေ့ဖိနပ် ကြီးရှိနေရက်နဲ့  သူ့ ကို ထွက်မ တွေ့ ။ ထွက်မတွေ့ အောင် ဒီမိန်းမကြီးက ဘာတွေ ပြောထားလို့ လဲ။ သူ့ ကို ထွက်တွေ့ ဖို့ အဖေ ရှက်တော့ ရှက် တတ်သေးသားပဲ။ စောင့်ပြီးသူ ဘာသွားလုပ်ရမှာလဲ ...။ မတွေ့ ချင်တဲ့ အဖေ့ကို ထိုင်စောင့် တော့ကော ဘာထူး မလဲ။ သူ ရင်တွေ နာပြီး ရင်း နာရတာ ပဲ အဖတ်တင် မည်။ ခင်ဗျားကြီးက ကျုပ်အဖေကို သိမ်းပိုက်ထားပြီလေ ...။ ဟိုမှာ အမေသေတော့မယ် .....။ သူ့ စိတ်ထဲမှာ အော်နေသည်။ ပါးစပ်ကတော့မ ထွက်။ နှုတ်ခမ်းဖျားတွေသာ တဆတ်ဆတ်တုန် နေသည်။ ရှစ်တန်းကျောင်းသားဘဝက အဖေ့အကြောင်း ရေးခဲ့သည့် စာစီစာကုံးတစ်ပုဒ်ကို သတိရသည်။
“ အဖေသည် ကျွန်တော့် သူရဲကောင်းဖြစ်သည်။ နေ့ အချိန်တွင် ကျွန်တော့အမေ၏ မေတ္တာဖြင့် ၊ ညအချိန် အဖေ အိမ်ပြန်လာသော အခါ အဖေ ပေးသော ခွန်အားဖြင့် ကျွန်တော်တို့ မောင်နှမ ကြီးပြင်းခဲ့ရသည် ....” ဒီစာသားကို သူ မိန်မိန်ကြီး ရေးခဲ့မိ သည်။ အဖေသည် မိသားစုတစ်ခုလုံးအတွက် အရာရာကို ပေးအပ်နှိုင်သူ အဖြစ် အဖေ့ကို လေးစားခဲ့သည်။ အဖေသည် သူ တို့ အိမ်၏ အမိုးဆိုလည်း ဟုတ်သည်။ ထုတ်ဆိုလည်း မှန်သည်။ ယက်မတန်း ကြီး ဆိုလည်း မှန်သည်။ အိမ်၏ တိုင်တွေဟုလည်း ဆိုက လည်း မှန်သည်။ အုတ် ဖိနပ်တွေဆိုကလည်း မှန်သည်။ အဖေ သည် သူ တို့ မိသားစု၏ မှီတွယ်ရာ အားကိုးရာ ဖြစ်သည်။ ဘယ်လို အသည်းနှလုံးနဲ့ အဖေ.... အမေ့ကို မျက်နှာပြောင်တိုက်ရက်သနည်း။ အမေကကော အဖေ့ကို ဒီလိုဖြစ်နေမှန်း သိရက်က အဖေအိမ်ပြန်လာတိုင်း ပြုံးပြုံးရွှင်ရွှင် ကြိုဆို လေသ နည်း။ ဘာလို့ အဖေ့ကို ရန်မတွေ့ လေသနည်း။ မသိဟန်ပြုနေလေသနည်း။
“ ကျွန်တော်ပြန်တော့မယ် .... အဖေ ရှိနေတယ် ဆိုတာ သားသိပါတယ် .... အဖေ ထွက်မတွေ့ ချင်ဘူး ဆိုရင် လဲ နေပါ ....... ဒါပေမယ့် အမေ့ကိုတော့ ....... အမေ့ကိုတော့........ ပြန်ကြည့်ပါဦး နော် သားနဲ့ ညီမလေး ကျောင်းမတက်ရလို့ ဘာမှ မဖြစ်ပါဘူး ... အမေ မရှိရင် .... အမေမရှိရင် .... မဖြစ်လို့ ပါ အမေ့ကို သနားလို့ ပါ .... သားပြန်တော့မယ် အဖေ ....”
“မင်းဘာတွေပြောနေတာလဲ .... မင်းအဖေမှ မရှိတာ .... ဟဲ့ကောင်လေး ... ဟော ......”
ထိုမိန်းမ၏ စကား အဆုံးကို မစောင့်တော့ပဲ .... သူ အိမ်ထဲမှ အတင်းပြေးထွက်လာခဲ့သည်။ သူ့ နားတွေ အူနေ သည်။ ရင်တွေလည်း ပူနေသည်။ ငိုလည်း ငိုချင်နေသည်။ အော်လည်း အော်ဟစ်ပစ်လိုက်ချင်သည်။ ပတ်ဝန်း ကျင် သည် အိုးထိန်စက်ပမာ လည်နေသည်။ နေပူပြင်းပြင်းသည် သူ့ ရင်ထဲက ပူပင်သောကကို မကျော် လွှား နိုင်။ သူ ပြေးသည် ... ဆင်းခဲ့သော ကားဂိတ်ကို ပြေးနေသည် ...။ ထိုကားဂိတ်ကို ကျော်ပြီးထပ်ပြေးသည်။ သူ့ ကို လူတွေက အရူး တစ်ယောက်လို ကြည့်နေကြတာကို မျက်လုံးဒေါင့်ကနေ တရိပ်ရိပ်မြင်နေရသည်။ ဘယ်နှစ်တိုင် ပြေးခဲ့သည် မသိ သူသတိရတော့ လွန်စွာပင်ပန်းနေပြီဖြစ်သည်။ နွမ်းနယ် နေပြီဖြစ်သည်။ အားလည်း ငယ်လှပြီ ဖြစ်သည်။ အမေ့ မျက်နှာကို မြင်ယောင်မိသည်။ ညီမငယ်၏ ချစ်စဖွယ် အပြစ်ကင်းသည့် မျက်နှာလေးကို မြင် သည်။ သူတို့ နေသော အိမ်လေးကို မြင်သည်။ နောက် သူ့ အဖေ ဦးကျော်စိုးကြီးကို မြင်သည်။
အဖေ့ကို သူစိတ်နာကြည့်သည်။ အဖေ့ကို စိတ်ဆိုးပါသည်။ သို့ သော် စိတ်နာ၍ မရ မုန်းလို့ မရ ....။ အဖေ့ကို ချစ်သော သူ့ အချစ်သည် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်။ နားမလည်ခြင်းသည် သာဖြစ်သည်။ အဖေ့ကို သူ နားမလည် ပေ။ “ နောက် မင်းနားလည်လာ လိမ့်မယ် အသက်ကြီးလာတဲ့ အခါ ..... ” အကြောင်းအရာ ကိစ္စတစ် ခု နှင့်ပတ်သက်၍ သားအဖ နှစ်ယောက်စကားပြောဖြစ်တဲ့ အခါ၊ အဖေက သူ့ ကို ဆုံးမတဲ့ အခါတိုင်း အဖေ ပြော နေ ကျ စကား ....။ သား နားမလည်ဘူး ... အဖေ့ကို နားမလည်ဘူး ..... လောကကြီးကို နားမ လည်ဘူး ... အသက် ကြီးလာရင် နားလည် ပါ့မလားလည်း မသေချာဘူး ...။ ခုတော့ သူ့ ရင်တစ်ခုလုံး ကြေမွ သွား သလို ခံစား နေရပြီ။ ရွှေ တောင်ကြီးလည်း ပြိုပြီ။ အမေ့ကလည်း ရောဂါနှင့် ဆေးရုံမှာ သေလုမျောပါး ခံစားနေရသည်။ လိုနေတဲ့ ပိုက်ဆံဘယ်မှာလဲ ....။ ဘယ်လိုရှာရမလဲ .... ။ သူ မသိ ..။
အဖေကတစ်ယောက်က သားသမီးတွေအတွက် လုပ်ပေးနိုင်တဲ့ အထဲမှာ အရေးအကြီးဆုံးက အမေ့ကို ချစ်ဖို့ ပဲမဟုတ်လား။ အဖေဟာ အမေ့ကို ချစ်ဖို့ ပျက်ကွက်ခဲ့သည်။ သူ လေးစားခဲ့သော အားကိုးခဲ့သော ယုံကြည်ခဲ့ သော အဖေက သစ္စာဆိုတဲ့ စကားကို မြေ မှာ အသာကလေးချပြီး နင်းရက်လေသလား ဟု သူ မချိတင်ကဲ ဝမ်း နည်း လျှက် မယုံချင်ပဲ ယုံခဲ့ရသည်။ သူ့ နားတွေ မျက်စိတွေနဲ့ ကိုယ်တိုင် မမြင်ခဲ့ရ မကြားခဲ့ရရင်ဘယ်လိုမှ သူ ယုံ မိမှာမဟုတ်။ ငယ်ငယ် ကလို ငါ့အဖေက ငါတို့ ကို သိပ်ချစ်တယ် ဆိုတဲ့စကား သူ ဘယ်လိုပြောရမှာလဲ။ ဘယ်လို ပြောပြီး ဂုဏ် ယူရမှာလဲ။ သူ့ ရင်ထဲမှာ အဖေနှင့်ပတ်သက်သော ယုံကြည်ချက် သည် ဖြူရာမှ မည်းပြာလို့ သွာခဲ့လေပြီ။ အနှစ် နှစ် အလလ သောက်သုံးခဲ့ သော သူတို့ အိမ်၏ ရေချိုတွင်းသည် ငန်သွားခဲ့လေပြီ။ ငန်သော ရေချိုတွင်း ကြီး ခန်း များခန်းသွားရင် ....။ သူ ဆက်မတွေး ရဲတော့ပါ။
သူတို့ အိမ်လေးသည် အရှင်သခင်ကင်းမဲ့ လျှက်က တိတ်ဆိတ်ခြောက်ကပ်လို့ နေသည်။ နေတောင် အတော် စောင်းသွားပြီ။ မနက်ခင်းက အန်တီလုပ်ပေးထားသော ကြက်စွတ်ပြုတ်ကို နွှေးပြီး အမေ့ဆီကို ပို့ ပေးရမည်။ တစ်နေ့ လုံး အမေ့ဘေးတွင်စောင့်ပေးနေသော ညီမလေးနှင့်သူ လူချင်းလဲရမည်...။ ဘုရားစင်မှ ပန်းတွေလည်း ညှိုးရော်လို့ နေပြီ ...။ အမေ့လက်နှင့် မကင်းခဲ့သော အိမ်လေး၏ အစွန်းတိုင်းသည် ခုတော့ ဖွာလို့ နေသည်။ သူ အမေနဲ့ အဖေ့ရဲ အိပ်ယာကို ကြည့်ရင်းက ရင်ထဲမှာ လှိုက်လှိုက်ပြီးဝမ်းနည်းလာသည်။ အမေ ဒီ အိပ်ယာပေါ်မှာ သူ တို့ မသိဘဲ ငိုခဲ့ရသောညတွေ အဘယ်မျှရှိနေပြီနည်း။
အဖေ .. ရက်စက်တယ်ဆိုတဲ့ စကားက အဖေ့အတွက် မလုံလောက်ဘူး ဆိုရင် တောင် သား မပြောရက်ပါဘူး ... ။ အမေ့ကိုသနားသည်။ ချစ်သည်။ အမေဟာ သူတို့ အတွက် အဖေ ဖောက်ပြန်နေတာကို သိရက်နဲ့ က အပြုံးမပျက် ဟန်ဆောင် နေခဲ့သည်။ ပစ်ထားခဲ့ချင်နေတဲ့ အဖေက အပြစ်တွေ့  သွားမှာကို စိုးရိမ်လျှက် သားသမီးတွေ အတွက် အမေ မျိုသိပ်နေခဲ့သည်။ အမေ့မျက်နှာ ညိုတာတစ်ခါမှ မတွေ့ ဘူး။ အဖေ့ကို လေသံမာမာလေးနဲ့ ပြော တာတောင် မကြားဖူးပေ။
ခုတော့ သူငိုလို့ ရပြီ ... ရင်ထဲက အစိုင်အခဲတစ်ခုကို မျက်ရည်များအဖြစ်ပြောင်းကာ သူ အော်ငိုလိုက်သည်။ ငိုရင်းက အဖေနဲ့ အမေ့ရဲ့ အိပ်ယာကုတင်ကို တဒုန်းဒုန်းထုနေမိသည်။ သူ့ ရင်တွေ နာကျင်သည်။ ဝမ်းနည်းသည်။ ကြေကွဲ ဆို့ နင့်နေသည်။ သူ အားရအောင် ငိုပစ်လိုက်သည်။ ငိုရင်းနှင့် မျက်ရည်တွေ ကျမလာတော့သောအခါ သူ့ ရင်ထဲတွင် ဟာဟာကြီးဖြစ်ကျန်ခဲ့သည်။ လူက ခံစားချက် ကင်းမဲ့သလို ထုံပေပေကြီးဖြစ်သွားသည်။ အမေ့ အငွေ့  အသက် လေး ရှိနေသော အမေ့ သနပ်ခါးနံ့ ကလေး ရှိနေသော ထို အိပ်ယာလေးကို ပါးနဲ့ အပ်ပြီး အသာ ပွတ်သပ်နေမိသည်။ သူ့ ပုခုံးသို့ နွေးထွေးသော လက်တစ်စုံ လာရောက်ဖက်တွယ် လိုက်ကြောင်း သတိထားမိ လိုက်သည်။ ရင်ထဲတွင် ဒိန်းကနဲဖြစ်သွားပြီး ဆတ်ကနဲ လှည့်ကြည့် လိုက်တော့ တွေ့ ပါပြီး မိုးချုပ်နေတဲ့ အဖေ့ မျက်နှာ ...။
“သား .... ”
သူ အဖေ့ကို မျက်ထောင့်နီနဲ့ ကြည့်ဖို့ ကြိုးစားသည်။ သူ့ ပခုံးပေါ်သို့ ရောက်နေသော အဖေ့လက်ကို အတင်း ပုတ်ချလိုက်ဖို့ ကြိုးစားသည်။သို့ သော် အဖေ့မျက်နှာက နူးညံ့ နေသည်။ မျက်လုံးတွေက မျက်ရည်တွေ ဝေ့လို့  နေသည်။ နှုတ်ခမ်းတွေက ခြောက်သွေ့ ကာ တုန်ရီနေသည်။ ဒါက အဖေ့ရဲ့ တောင်းပန်မှုလား။ သားတစ် ယောက် ကို အဖေက တောင်းပန်စရာမလိုပါဘူး။ အဖေ့ကို သူ တားမြစ်ပိုင်ခွင့်လည်း မရှိဘူး။ အသနားခံ ပိုင်ခွင့် သာရှိပါ သည်။ အဖေ နဲ့ ပတ်သက်၍ ပျော့ညံ့တယ် ဟုပြောရင်လည်း ခံလိုက်ရုံသာရှိသည်။ သူ အဖေ့ ကို ဒေါသနှင့် ပင် မကြည့်နိုင်ပါ ... ဝေးကွာသွားပြီဟု ယုံကြည်ခဲ့ရသော အဖေ့ရင်ခွင်သည် သူ့ အတွက် နွေးထွေးလွန်း နေစဲဖြစ် သည်။ ချွေးတွေဖြင့် စိုနေသော အဖေ့ ရင်ခွင်သည် သူ ခေါင်းထားငိုကြွေးရန် အကောင်းဆုံးသော နေရာ သာဖြစ် သည်။ အဖေကို မြင်လိုက်ရတာ သားလေ... သား.... ပျော်လှချီရဲ့  အဖေ ရယ်....။ ဝမ်းလည်း နည်းတယ်။ စိတ် လည်း ဆိုးတယ်။ အမေကို သနားလှည့်ပါဦး .....။ သားတို့  ကိုမထားခဲ့ပါနဲ့  ....။
“အား ... ဟီး အဖေ ... အဖေ .... ဖေ့ကိုသား ချစ်တယ် .... ဟီး... မသွားပါနဲ့ နော် .. ဖေ မသွားပါနဲ့ အဲဒီကို မသွားပါနဲ့  အမေလေ ......... အမေ ဖေ့ကို မျှော်နေတယ် ..... အားဟား ”
အဖေ့ က သူ့ ဆံပင်များကို ပွတ်သပ်ပေးနေသည်။ အမေ့ နှလုံးသွေးတို့ ဖြင့် တရဲရဲနီနေသော ထိုအိမ်ထဲမှာ အဖေ တကယ်ပဲ ရှိနေခဲ့သည်ပေါ့။ အဖေ့ ပုခုံးထက်က လွယ်အိတ်ကလေးကို သူ လက်ဖြင့် အသာထိကြည့်လိုက် မိသည်။ ထိုလွယ် အိတ်ကလေးသည် အမေ့အိမ်ထဲတွင် ရောက်နေသော အဖေ့ ပခုံးပေါ်တွင် သူ့ ကို ကြင်ကြင် နာနာနှင့် ပြုံးပြတတ်ပါသည်။ သို့ သော် ရေချိုတွင်းကား ငန်သွားခဲ့သည်မှာ အိပ်မက်တစ်ခု မဟုတ်ပါပေ ...။

Subscribe to:
Comments (Atom)