ကာင်လေး… ကမာကောင်ရဲ့ ရာဇဝင်ကိုသိလား? ကြားဖူးတာတစ်ခုက ပန်းရောင်ကမာကောင်ရဲ့ ဆက်နေတဲ့ အခွံနှစ်ခုကို ချစ်သူနှစ်ယောက် ပင်လယ်ထဲအတူ ပစ်ချခဲ့ရင် အဲဒီချစ်သူနှစ်ဦး ရာသက်ပန် ပေါင်းရတယ်တဲ့”
“အူကြောင်ကြောင်နဲ့ ကောင်မလေးရယ်! ဒီလို ရာဇဝင်ကိုလည်း ယုံသတဲ့လား! စိတ်ချပါ… ဒီလိုကမာကောင်မရှိလဲ ငါတို့နှစ်ယောက် ရာသက်ပန် ပေါင်းရမှာပါ။ ပေါင်းရအောင်လဲ ငါကြိုးစားမယ်။ နင်အတွေး မများနဲ့နော် ကောင်မလေး!”
“အင်း… ငါတို့ ကမာကောင် မလိုပါဘူးနော် ကောင်လေး”
ကောင်လေးရဲ့အပြောကို ကောင်မလေးက ခပ်ပြုံးပြုံးပြန်ဖြေတယ်။
လအနည်းငယ်အကြာမှာ ကောင်မလေး ပျောက်သွားခဲ့တယ်။
ဖုန်းလည်း ဆက်သွယ်လို့မရ၊ အိမ်လည်း သော့ခတ်လို့ ကောင်မလေး တစ်ယောက် ခြေရာ ဖျောက်သွားခဲ့တယ်။ ကောင်မလေးကို ကောင်လေး အတတ်နိုင်ဆုံး လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ သူ့ကို ကောင်မလေး လှည့်စား လိမ်ညာသွားပြီလို့ ကောင်လေး မျှော်လင့်ချက်မဲ့ ထင်ခဲ့တယ်။ မကြာပါဘူး…. ကောင်မလေးကို လွမ်းတဲ့စိတ်နဲ့ ကောင်လေး ပေတေခဲ့တယ်။ အရက်သောက်တယ်၊ ရန်ဖြစ်တယ်။
—————————————————————————————————————————————————-
“သူ့ကို မပြောပြတာကို နင်နောင်တ မရဘူးလား?”
ကောင်မလေးရဲ့ သူငယ်ချင်းက ကောင်မလေးကို မေးတယ်။
“အင်း… မရပါဘူး။ ငါ့မှာရောဂါရှိကြောင်း သူ့ကိုမသိစေချင်ဘူးလေ.. ဒါကြောင့် ငါပုန်းရှောင်နေတာ”
“သူငိုမှာစိုးလို့လား? သူစိတ်မကောင်းမှာ စိုးလို့လား?”
“အင်း… ” သူငယ်ချင်းရဲ့အမေးကို ကောင်မလေး ခေါင်းညိတ်ရုံသာ အဖြေပေးနိုင်ခဲ့တယ်။
“နင်မရှိတော့မှ သူ့ကို ငါပြောပြရမလား?”
ဒီအမေးကို ကောင်မလေး ဖြေနိုင်စွမ်း မရှိခဲ့ဘူး။ သူငယ်ချင်းကို ဗွီဒီယိုရိုက်စက် ယူခိုင်းပြီး သူ့ကို ဗွီဒီယို ရိုက်စေခဲ့တယ်။
“ရိုက်ပြီးရင် ဒီအခွေ သူ့ကို ပေးပေးပါနော်”
—————————————————————————————————————————————————-
ကောင်လေးရဲ့မွေးနေ့မှာ ကောင်မလေးရဲ့သူငယ်ချင်း ရောက်လာခဲ့တယ်။
“ရော့… ဒါ နင့်အတွက်”
“ငါ့မွေးနေ့ လက်ဆောင်လား! နင်ကလဲ အားနာစရာဟာ၊ ငါ့ကို နောက်ဖို့တော့ မဟုတ်ပါဘူးနော်”
“ဒီခွေကို နင်ကြည့်ပြီးရင် သိလိမ့်မယ်”
ကောင်မလေးရဲ့သူငယ်ချင်းက မျက်ရည် အဝဲသားနဲ့ ပြောတယ်။
သူငယ်ချင်းရဲ့အပြုအမှုကြောင့် ကောင်လေးတစ်ချက် မှင်သက်သွားတယ်။ အိမ်ရောက်ရောက်ချင်း အခွေကို သူဖွင့်ကြည့်တယ်။ ခွေထဲမှာ ကောင်မလေးရဲ့ အရိပ်ကိုမြင်တယ်။ လူနာ ကုတင်ပေါ်မှာ ကောင်မလေး ခပ်ပြုံးပြုံးထိုင်ရင်း စကားစတယ်။
“ကမာကောင်ရဲ့ ရာဇဝင်ကို မှတ်မိသေးလား ကောင်လေး? ပန်းရောင် ကမာကောင်ကို ငါသွားရှာသေးတယ်။ ရှာလို့လည်း မတွေ့ခဲ့ပါဘူး။ ငါ့ကို အူကြောင်ကြောင်နဲ့ ဆိုပြီး နင်ပြောဦးမလား? ပန်းရောင် ကမာကောင်ကို ငါအရမ်းရှာတွေ့ချင်တယ်။ နင်နဲ့ငါ ရာသက်ပန် အတူနေချင်လို့ပါ…. ”
သက်ပြင်း ခပ်တိုးတိုးလေး တစ်ချက် ကောင်လေး ချမိတယ်။ အခွေထဲက ကောင်မလေးရဲ့ဆို့နင့်သံက လွှင့်ပျံလာပြန်တယ်။
“ငါရှောင်ပုန်းနေလို့ ငါ့ကို နင်အရမ်း မုန်းမိမှာပဲနော်။ နင့်ကိုငါ လှည့်စားသွားပြီလို့ နင်ထင်နေမှာပဲ။ ငါဘာဖြစ်လို့ ကမာကောင် သွားရှာခဲ့လဲ နင်သိလား ကောင်လေး! နင်နဲ့ ရာသက်ပန် အတူနေဖို့ ငါ့မှာ ကိုယ်ပိုင်အင်အား မရှိလို့ပါကောင်လေး..
ငါ အစာအိမ် ကင်ဆာရောဂါ ခံစားနေရတယ် ကောင်လေး! နှစ်ဝက်တောင် အသက် မရှင်နိုင်တော့ဘူးလို့ ဆရာဝန်က ပြောတယ်။ ဒါကြောင့် နင့်ကိုငါ ရှောင်ပုန်းခဲ့တယ် ကောင်လေးရယ်။ နင့်ကိုငါ ပြောမပြတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ငါ့သူငယ်ချင်းက ငါမရှိတော့တဲ့နောက် နင့်ကို သွားပြောပြမှာပဲ။ အဲဒီအချိန်ကျရင် သူ့စကားကို နင်ယုံမှာ မဟုတ်ဘူး။ ဒါကြောင့် ငါခွေရိုက်ပြီး ထည့်ပေးလိုက်တယ်။ နင့်အတွက် ငါ့ရဲ့ နောက်ဆုံး စကားတွေပေါ့။ ဒီခွေကို နင်လက်ခံရရှိတဲ့အချိန် ငါ့အတွက် အချိန်ဘယ်လောက်မှ ကျန်တော့မှာမဟုတ်ဘူး။
“နင့်ကို ငါချစ်တယ်” ငါပြောခဲ့ပါရစေ…. အခုချိန်မှာ ငါဟာ ပန်းရောင် ကမာကောင်ကို အရမ်းလိုအပ်နေပါတယ် ကောင်လေးရယ်..”
ကောင်မလေးရဲ့ ကြေကြေကွဲကွဲ အသံကြောင့် ကောင်လေး မျက်ရည်တွေ ဆို့တက်လာတယ်။ မျက်ရည်တွေ ပြည့်နေတဲ့ အကြည့်တွေကြားမှာ ကောင်မလေးရဲ့ ပုံရိပ်ကို မှုန်ဝါးဝါးသာ မြင်ရပြီး တိုးညင်းတဲ့ အသံကိုပဲ ကောင်လေး ကြားနေရတယ်။
“ကောင်လေး…. နင့်ကိုငါ အရမ်းချစ်တယ်… ငါနှုတ်ဆက်ခဲ့ပါတယ်”
မျက်လုံးအိမ်မှာ ပြည့်နေတဲ့ မျက်ရည်တွေက ကောင်လေး ပါးပြင်ထက် တရဟော စီးကျလာခဲ့တယ်။
“ငါ မငိုခဲ့တာ တော်တော်ကြာပြီ ကောင်မလေးရဲ့…”
ခွေကိုစက်ထဲကထုတ်ပြီး ရင်ခွင်ထဲ တင်းတင်းပွေ့ထားရင်း ကောင်လေးပြောတယ်။
“နင့်ကိုလဲ ငါအရမ်းချစ်တယ် ကောင်မလေးရယ်…”
—————————————————————————————————————————————————-
ရက်အနည်းငယ် အကြာမှာ ကောင်မလေးရဲ့ သူငယ်ချင်းက ကောင်လေးကို သွားခေါ်ခဲ့တယ်။
“နင်တကယ်ပဲ ပန်းရောင် ကမာကောင်ကို ရှာတွေ့ခဲ့တာလား!”
“အင်း… ဟုတ်တယ်။ ဘယ်တော့မှ သူ့သူငယ်ချင်းတွေ သူ့ကို ဝင်တွေ့ခွင့်ပေးမလဲ?”
“အင်း.. အခုရပြီ ထင်တယ်.. လာ”
ကောင်မလေးရဲ့ အသုဘ အခမ်းအနားထဲဝင်ပြီး ကောင်မလေးကို သူတို့ ဝင်တွေ့ခဲ့တယ်။
ကောင်မလေးကို တွေ့တော့ ကောင်လေးက “နင် မကောင်းဘူး… ငါ့ထက်အရင် ထွက်သွားခဲ့တယ်။ ပန်းရောင် ကမာကောင်ကို ငါရအောင် ရှာခဲ့တယ် ကောင်မလေး။ အခွံတစ်ခြမ်းကို ငါပင်လယ်ထဲ ပစ်လိုက်ပြီ။ ဒီအခွံတစ်ခြမ်းက နင့်အတွက်….”
ကောင်လေးက ပြောပြောဆိုဆို အခွံတစ်ခြမ်းကို မီးထဲ ပစ်ထည့်လိုက်တယ်။
“နင်လည်း ဒီအခွံကို ပင်လယ်ထဲ ပစ်လိုက်နော်။ ဒါမှ နောင်ဘဝမှာ ငါတို့ အတူတူ ထာဝရ နေကြရမှာ”
သူ့အတွက် ကောင်မလေးထားခဲ့တဲ့ ဆွဲကြိုးကို ကောင်လေးနမ်းရှုံ့လိုက်ပြီး
“ဒီဆွဲကြိုးကို ငါတစ်သက်လုံး သိမ်းထားမယ်။ နင့်ကို ပန်းရောင် ကမာကောင်ပေးလို့ ပြန်ရတဲ့ လက်ဆောင်အဖြစ် ငါ တစ်သက်လုံး သိမ်းထားမယ်။ နင်လည်း နင့်လက်ထဲက လက်စွပ်ကို ဘယ်တော့မှ မချွတ်နဲ့နော်… နင့်ကို ငါချစ်တယ် ကောင်မလေး ပန်းရောင် ကမာကောင်ရဲ့ ရာဇဝင်ကိုလည်း ငါဘယ်တော့မှ မမေ့ပါဘူး။ နောင်ဘဝမှာ ငါတို့ရာသက်ပန် ပေါင်းဖက်ကြမယ် ကောင်မလေးရယ်”
ပန်းရောင် ကမာကောင်ကို မြင်ဖူးပါသလား! ပန်းရောင် ကမာကောင်ရဲ့ ရာဇဝင်ကို ကြားဖူးပါသလား! မမြင်ဖူး၊ မကြားဖူးလည်း ချစ်သူတိုင်း ရာသက်ပန် ပေါင်းဖက်နိုင်ပါစေ
ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank
Monday, August 31, 2015
ပန်းရောင် ကမာကောင်လေးတွေရဲ့ ရာဇဝင်
Sunday, August 30, 2015
ဘုန်းကြီးကျောင်း တစ္ဆေ
။ ကျွန်တော် လေးတန်း ကျောင်းသားဘဝ က ကိုရင် ဝတ် ခဲ့ တဲ့အချိန် က ပေါ့ ။ နေ ရာ က တော့ ယခု တပ် မတော် ချည်မျှင်နှင့် အထည်စက်ရုံ ရှိတဲ့ အင်း တိုင် ( ရန်ကုန်-ပဲခူး ကားလမ်းပေါ် ) က နေ နောက်ထပ် တစ်နာရီလောက်မြင်းလှည်းစီးရင် ရောက်တဲ့ နေ ရာ ပါ ၊ အဲဒီ တုန်း ကတော့မြင်းလှည်းပေါ့ဗျာ ။ အလံတစ်ဗိုလ် ရွာ ဆို တာ ရှိတယ် ဗျ ။ အဲဒီ ရွာ က နေ နောက်ထပ် နှစ်ရွာ လောက်ဖြတ်သွားရသေးတယ် ၊ နာမည်တော့မမှတ်မိတော့ဘူး ။ အလံတစ် ဗိုလ်ရွာကိုတော့ကောင်းကောင်းမှတ်မိတယ် ။ နာမည် လည်း ဆန်း တာ ကိုး။ ကျွန်တော် ကို ရင် ဝတ် တဲ့ ရွာ က တော့ နောက်ထပ် နှစ်ရွာ မြောက်ရွာ ပါ ၊ ထားပါလေ နာမည် က အရေး မကြီးဘူး မဟုတ်လား ဇာတ်လမ်း က အဓိ က လေ နော် ။
ကဲကျွန်တော့်ဇာတ်လမ်းဆက်ရအောင် ။ လေးတန်းဆို တော့ ကျွန်တော်လည်း သင်္ကန်းတော့သိပ် မနိုင်သေးဘူး လူ ကောင် က ညှပ် တာကိုး ဗျ ။ အဲဒီ ရွာမှာ က ဘုန်း တော် ကြီး ကျောင်း က ဆောက်လက်စ တန်း လန်း ကြီး ဗျ ၊ ဒါ့အပြင် က ကျောင်းခပ်ငယ်ငယ် တစ်ဆောင်ပဲရှိတယ် ။ အဲဒီမှာ က တော့ ကျောင်းထိုင် ဘုန်း တော်ကြီး နေ တယ် ။ ကျွန်တော်တို့ကို ရင် တွေ က အပါးနှစ်ဆယ် လောက်ရှိပါတယ် ။ ကျွန်တော် တို့က တော့ဆောက်လက်စ တန်း လန်း ကျောင်းဆောင်မှာ အောက်ဘက် က ပျဉ်တွေဘာတွေခင်းပြီး ပြီ ဆို တော့အိပ်ရတာပေါ့။ ကျွန်တော် က ကြောက်လည်းကြောက်တတ်တော့ ကျွန်တော့် အဖေ က လိုက်အိပ်ပေးတယ် ။ ကပ္ပိယ ပေါ့ဗျာ ။
ဒါနဲ့ ည ဘက်ကျရင် ကလေး တွေ ဆို တော့ ဘုန်း ကြီး မသိအောင် က မုန့်ခိုးစားချင် ကြတာလေ ။ နောက်တစ်ခု က ကြားဖူး နားဝ လည်း ရှိတော့ ကိုရင် ဝတ် ရင် ည ဘက် အဖတ် မစား ရဘူး ဆိုရင် အရည် သောက်ကြမယ် ဆိုပြီးတော့ ဘုန်း ကြီးကျောင်း ရှေ့ က မုန့်ဆိုင်မှာ ကြံသကာ ခဲတွေ ဝယ် ပြီးတော့ ရေ ဖျော်သောက်ကြတာပေါ့ ။ အရည် သောက် ရင် ငရဲ မကြီး ဘူး ထင် လို့ လေ ။ဒီလို နဲ့ ကျွန်တော် ကိုရင် ဝတ်လို့ လေး ရက်မြောက်နေ့မှာ ကျွန်တော့်အလှည့် (ကြံသကာ ဝယ် ဖို့ အတွက်) ရောက်ပါလေ ရော ။ ဒါနဲ့ ညနေ ခြောက်ခွဲလောက်တော့ရှိမယ် ။ ကျွန်တော် ဘုန်းကြီးကျောင်းအပြင် ကို ထွက်ပြီးတော့ ကြံသကာ ဝယ် တယ် ။ ဒါနဲ့ ပြန် လည်းဝင်လာ ရော နောက် က နေ ပြီးတော့ ကိုရင် မင်း တို့ တွေစည်း ကမ်း မရှိဘူးလား ဆို တာ ကို သေချာ ကြားလိုက်တာဗျ ။ ဒါနဲ့ ဘယ်သူများပြော လည်း ပေါ့ နော်။ အချင်း ချင်း ထဲ က များ နောက်လား ပေါ့ ။ ဒါပေမယ့် အသံ က လည်း လူ ကြီး အသံ ကြီးဗျ ။ ဒါနဲ့ ကြောက်ကြောက်နဲ့ကျောင်း ဆောင် သစ် ကြီး ဘက်ကို ပြေး တော့တာပေါ့ ။ ကျောင်းပေါ် ရောက်သွားတော့လည်း အမော ပြေ သွားတော့သူငယ်ချင်းတွေ နဲ့ ဟိုပြောဒီပြော နဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပေါ့ ။ ဒီလို နဲ့ ည အိပ်ရော ။ ကျွန်တော့်အဖေ က လည်း ပုံမှန် ပဲ ဆို တော့ အိပ်တာပေါ့ ။ အဲဒီ အချိန်မှာ ကျွန်တော့်ခေါင်း ရင်း က ဆောက်လက်စတံခါးပေါက်ဟင်းလင်း ဆိုတော့လေ တဖြူးဖြူးနဲ့ပေါ့ဗျာ ။အပြင် ကလ လည်းသာနေတာဆိုတော့ လှမ်းငေးမိတာပေါ့ ။
အဲဒီ အချိန်မှာ ပဲ ပိန္နဲပင် ပေါ် က နေလူ ကြီး တစ်ယောက် ဇောက်ထိုး ကြီး ဆင်း လာ တာ အသေအချာ အရှင်း အလင်း ကြီး ကို မြင် ရတာ ဗျာ ။ အဝတ် တွေကလည်း သင်္ကန်းလို ကြီး ။ ဒါနဲ့ကျွန်တော်လညး ကြောက်ကြောက်နဲ့မျက်စိစုံမှိတ်ထား ပြီး အိပ်ချင်ယောင်ဆောင်နေတာ။ မကြာဘူး ကျွန်တော့်ဘေး က တစ်ကောင်ကို စပြီးတော့ သင်္ကန်း ကိုဆွဲပြီး အပြင် ကို ဆွဲထုတ်တာ ။ လူ ပါ ပါသွားတယ် ။ သကောင့်သားကအိပ်ပုပ် ကြီးတော့ မသိဘူး ။ ကျွန်တော် က မြင် နေ ရပြီ ။ အဲဒီကောင် ကျောင်းအပြင် သံမံတလင်းပေါ် မှာ ရောက်နေပြီ ။ ခဏ နေ တော့ကျွန်တော့်သင်္ကန်း စ ကို လာ ဆွဲရော ။ ဒါနဲ့ ကျွန်တော်လည်း အတင်း ခေါင်း မြီးခြုံပြီးတော့ တင်း နေအောင် ပြန် ဆွဲအုပ်ထားတာပေါ့။ မရဘူး ဗျ။ လူပါ ပါသွားတာ ၊ ကိုယ် ပါ ကျောင်းပြင် ရောက်သွားတာ ။ အဲဒါနဲ့ အသံကုန်အော် တော့တာပဲ ။ အဲဒီ အချိန် မှာ အဖေ ကလည်း နိုးလာ ပြီ ။ ကြည့်လိုက်တော့ ကျွန်တော်တို့ နှစ်ယောက် က ကျောင်းပြင်မှာ ။ ကြံသကာ ရည် ခိုးသောက်တဲ့ နှစ်ယောက်ပေါ့ ။ အဲဒီလို နဲ့ ကျွန်တော် တို့နှစ်ယောက်ကို အဆောင်ထဲပြန်ထည့်ရုံ ရှိသေးတယ် ။ နောက်ထပ် ကိုရင် တွေ ကို ပါ ဘယ်သူက တီးမှန်း မသိဘဲ နဲ့ အဆော်ခံ ရတာ ။ လေး ငါး ယောက်လောက် အတီးခံလိုက်ရတယ် ။ အကုန်လုံး နိုး နေတာနော် ။အဲဒီ အချိန်မှာ ။ ဒါနဲ့ဘုန်း ကြီး ကို သွားနှိုး တော့။ ဘုန်း ကြီး က ဘာ မှ မပြော ဘူး ။ ပြန် အိပ် ခိုင်း တယ် ။ နောက်နေ့ရောက်တော့ ကျွန်တော် ဖျား ရော ။ ဒါနဲ့ပဲ ကြောက်တာနဲ့ ခုနစ် ရက်တောင်မပြည့်ဘူး ကျွန်တော်ခြောက်ရက်နဲ့ပဲ ကိုရင် လူ ထွက် ခဲ့ရတယ် ။ ထွက်တဲ့ နေ့မှာ ဘုန်း ကြီး က ပြော တယ် တဲ့ အဖေ့ကို ။ ဒါ က လည်းနောက်မှ ပြန်သိ ရတာပါ ။ ကိုယ်ကြောက်မှာစိုးလို့ သူတို့ ကမပြော ပြ ဘူး အဲဒီတုန်း က ။
အဲဒီ ည က လာ တာ က အရင် ကျောင်းထိုင်ဘုန်း ကြီး ပါတဲ့ ။ ကျောင်း ဆောင်ဆောက်နေတာ မပြီး ပြတ်သေးခင် ဆုံးသွားတော့ စိတ်စွဲပြီးတော့ မကျွတ် မလွတ် ဖြစ်နေတယ်ဆို ပဲ ။
Friday, August 28, 2015
ငါတစ္ဆေ
လောကတစ်ခွင်လုံး အမှောင်ထုဖုံးလို့ ကောင်းကင်ယံမှာတောင် ခုနှစ်ကြယ်ပြောင်အမြီးထောင်နေပြီ။
ထွက်သာထွက်လာခဲ့ရတယ် စိတ်ထဲမှာတော့ခပ်လန့်လန့်နဲ့ရယ်..
အနောက်မှာတော့ ခပ်အုပ်အုပ်ညို့မှိုင်းနေတဲ့ရွာလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေရဲ့။ လရောင်ကြေင့်လားတော့မသိ
ကျွန်တော်လျှောက်လာတဲ့ မြေနီလမ်းလေးက ရွှေဝါရောင်အဆင်းနဲ့လှချင်တိုင်းလှနေတော့တာပဲ။
တောပန်းရနံ့လေးတွေက လေအသုတ်မှာတစ်ချက်တစ်ချက်ကြိုင်လှိုင်နေလေရဲ့။
ကျွန်တော်ရွာကထွက်လာတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဘူးတဲ့
တစ္ဆေ ကိုတွေ့ချင်မြင်ချင်လို့ပါ။ မကြောက်တတ်ဘူးလို့တော့မထင်လိုက်နဲ့
ကျွန်တော်လည်းအသွေးအသားနဲ့လုပဲ ကြောက်တတ်တာပေါ့။ ဒါပေမဲ့ခင်ဗျားတို့
မထင်လိုက်နဲ့ လူဆိုတဲ့မျိုးကလဲပြောရခက်သားပဲ။ မြင်ချင်၊ တွေ့ချင်ပြီ ၊ လုပ်ချင်ပြီ
ပြီဆိုရင်တားရခက်သား… ထားတော့… ကျွန်တော်က တစ္ဆေ တွေ့ချင်တာကို
ရွာကာလသားခေါင်း ကိုဖြိုးကြီးက ထန်းရည်မုးမူးနဲ့ လမ်းညွှန်လိုက်ပါတယ်..
‘မင်းကွာ တစ္ဆေ များတွေ့ချင်ရတယ်လို့… တွေ့တော့မင်းဘာလုပ်မှာလဲ…’
‘ဟာ ကျွန်တော်က မြင်ဘူးရုံသက်သက်တွေ့ချင်တာပါ။ ဘာရယ်မဟုတ်ပါဘူး…’
‘အင်မင်းဟာကြီးကလဲ…’
‘ကဲကဲထားတော့.. ဟိုတစ်နေ့က ရွာနောက်ပိုင်းက အရက်သမား နေကြီး ရွာနောက်ကတောအုပ်ထဲကနေ ပုဆိုးမပါပဲ သွေးရူးသွေးတန်းနဲ့အော်ပြီးပြေးထွက်
လာတာ…အတင်းဖမ်းမေးတော့ တစ္ဆေ တစ္ဆေ လို့ပဲတွင်တွင်အော်နေတာ..’
‘အဲဒါမင်းလည်းတစ္ဆေ တွေ့ချင်ရင် ရွာနောက်ကတောအုပ်ထဲကိုသွား’ ဆိုလို့
ကျွန်တော်ထွက်လာခဲ့တာပါ။
အခန်း(၂)
ညခင်းလေးသာ လေညှင်းကညင်
ကြင်နာသူရေ ခြေခင်းလက်ခင်းလဲ
သာချင်ရဲ့..
ဘာရယ်မဟုတ် ကဗျာတစ်ပုဒ်ရွတ်ကြည့်တာပါ။ ရွာမြောက်ပိုင်း ယိမ်းနွဲ့ပါး အငြိမ့်က နိုင်ငံကျော် မင်းသားလေး ကိုနေ ဆိုတဲ့ လက်တန်းကဗျာလောက်တော့ဘယ်ကောင်းမလဲနော်။ ကဗျာငြီးရင်းနဲ့
တောနက်ထဲတောင်ရောက်လာပြီ။ လေပြေတစ်ချက်အဝှေ့မှာ ကြက်သီးလေးတွေတောင်ထလာရဲ့။
ပြောရင်းဆိုရင်းနဲ့ ရှေ့မှာ မီးရောင်လက်လက်မြင်နေရတယ်။ သစ်ခုတ်သမားတွေရဲ့တဲက မီးရောင်
များလား။ ကျွန်တော်အနားရောက်သွားတော့ ခေါင်းမြီးခြုံ ပြီးလူတစ်ယောက်ထိုင်နေတယ်။
ကျွန်တော်က လူလို့ထင်တာနော်။ တစ်ချို့ဆို ထင်တောင်မထင်ရဘူးဗျာ ဘယ်လိုကြည့်ကြည့်လူ
နဲ့ကိုတူတာ..လူလိုမျိုးပဲ သွားတာ လာတာ နေတာ ထိုင်တာ။ အဲ ခက်တာကလူမဟုတ်ဘူးဗျ။
ကဲထားတော့… ကျွန်တော် ခေါင်းမြီးခြုံတဲ့လူကိုခွင့်တောင်းပြီးသူ့ရှေ့မှာဝင်ထိုင်လိုက်တယ်။
တစ်ကယ်တမ်းတော့ သူ့ရှေ့မှာဝင်သာထိုင်ရတာ သူကခွင့်ပြုလား ခွင့်မပြုဘူးလားတောင်မသိဘူး။
ကျွန်တော်ခွင့်တောင်းတော့ သူက အင်းမလုပ် အဲမလုပ် သိတယ်မလား ခေါင်းမြီးခြုံလုံပါပေ့လေ..
ဘယ်ရမလဲ ကိုယ်ကလဲ မပြောမီကလုပ်နှင့်သည်ပေါ့… ဟဲဟဲဟဲ….
‘လလေးကသာ…ညလေးကလဲလှတယ်နော်..’ ‘ စကားမစပ်ခင်ဗျား ထင်းလာခွေတာလား…’
‘မဟုတ်ဘူး ငါလူတစ်ယောက်ကိုစောင့်နေတာ..’
သူ့ဆီက အက်ကွဲကွဲ အသံတစ်ခုကိုကျွန်တော်စကြားရပါတယ်။ တစ်ကယ်ပါတိုးတိုးညှင်းညှင်းနဲ့
ဟိုးအဝေးဆီကပြောနေသလိုပဲ။
‘မင်းတစ္ဆေ တွေ့ချင်လို့တောထဲလာတာမလား..’
ကျွန်တော် တော်တော်လေးအံ့အားသင့်သွားတယ်။
‘ခင်ဗျားဘယ်လိုလုပ်သိလဲ..’
ခေါင်းမြီးခြုံအောက်ကနေမပွင့်တစ်ပွင့်ရယ်သံတစ်ချို့လွှင့်ပျံ့လာတယ်။
အခန်း(၃)
‘မင်းပုံစံက တောထဲလာပြီးထင်းခွေရအောင်လဲ ထင်းခုတ်ဓါးမပါဘူး၊ မုဆိုး လဲမဟုတ်ဘူး၊
လက်နှိပ်ဓါတ်မီးတစ်လက်နဲ့တောထဲလျှောက်သွားနေရအောင်လည်း မင်းက ရပ်ကွက်လူကြီး
မဟုတ်ဘူး။ ကင်းသမားလဲမဟုတ်နဲ့…’
ကျွန်တော် အံ့သြပြီး အံ့သြနေတော့တာပဲ။
သူ့ပုံစံက ရွာအရှေ့ဖျားက တရားထောက်ဆရာ ဘကြီး သုစံ လိုပဲ ရုပ်တည်ကြီးနဲ့ပြောနေတာ။
စကားမစပ် ဘကြီးသုစံ တို့ရုပ်တည်ကြီးပြောပုံကို ပြောပါတယ်…သူကလဲတစ်ခါတစ်ခါ
ရွှတ်နောက်နောက်ရယ်.. ရုပ်တည်ကြီးနဲ့…
တစ်ခါက ရွာက ကြီးတော် တစ်စု ဘကြီးအိမ်ရောက်လာပြီး ဘကြီး မိန်းမ ဘကြီးကတော်နဲ့
စကားဖေါင်ဖွဲ့လေရဲ့.. ဘကြီးကတော့ သိတယ်မလား ရုပ်တည်ကြီးနဲ့။
အဲဒီမှာ ကြီးတော် တစ်ယောက်က စကားမစပ် ဘကြီး ကိုမေးပါလေရော..
‘အဘ. ရွာဦးကျောင်းဆရာတော်ဆီမှာ ငှက်ပျောသီးတွေရယ်. လှလိုက်တာဝလို့ဖီးလို့
ဘယ်သူများလာကပ်သွားတာလဲ..’
‘မနေ့ကကောင်မလေး…’
သိတယ်မဟုတ်လား ဘကြီးကရုပ်တည်ကြီးနဲ့ တစ်ခွန်းထဲကိုဖြေတာ…
‘ဘကြီး အိမ်ကဘုရားစင်မှာလဲ ငှက်ပျောသီးတွေ ကပ်ထားတာလှလိုက်တာ။
ဘယ်က၀ယ်တာလဲဟင်.ကျမလဲလိုချင်လိုက်တာ..’
တစ်ခွန်းထဲနော်… ‘စွန့်သွားတော့နေခြည်’
‘အဲ…’
‘စကားမစပ် အဘရေ ဆရာတော်တရားပွဲ လုပ်မယ်ကြားတယ် ဘယ်ညလဲဟင်..’
‘မြို့ဝင်ည..’
‘ဘယ်လမ်းမှာလဲ..’
‘အ၀ါရောင်လမ်း….’
ကြီးတော်တွေလဲ မေးသာမေးရတာ အမ်းတန်းတန်းနဲ့။ ဘကြီးပြောတဲ့ ည၊ ဘကြီးပြောတဲ့လမ်း
သူတို့ လုံးဝမသိ၊ ပြန်မေးရအောင်ကလဲ ဟိုကရုပ်တည်ကြီးနဲ့ကို ပြောနေတာဆိုတော့ခက်သား။
အဲဒီမှာ ဘကြီးကတော်က.. ‘ရှင့်မလဲ တရားပွဲတွေနောက်လျှောက်လိုက်၊ ရပ်ရေးရွာရေးလျှောက်လုပ်
နဲ့ တော်ကြာအိမ်နဲ့ ကျမကိုမေ့သွားဦးမယ်။’
တစ်ခွန်းထဲပဲ.. သိတယ်မလားရုပ်တည်ကြီးနဲ့.. ‘မင်းမှမင်းပဲ…’
‘သြော် ဘကြီးသမီးလေးမမြင်ပါလား…’
‘ငါ့သမီးစာကျက်နေတယ်…’
‘ဒါဆိုလဲ ကျမတို့ပြန်လိုက်ဦးမယ်..’
‘အရေးမကြီးဘူး…’
မပြန်ခင်ကြီးတော်တစ်ယောက်ကမေးသွားသေးတယ်။ ဘကြီးနော် ရုပ်တည်ကြီးနဲ့ကိုရွတ်နေတာ။
‘ဘကြီးရေ ဆရာတော်ကဘာတရားဟောမှာလဲ..’
‘ရင်ခုန်ရလွန်လို့ရူးမှာပဲ…’
‘ဘယ်အချိန်ထိတိုင်အောင်ဟောမှာလဲဟင်..’
‘ကြယ်တွေကြွေသွားထိတိုင်…’
ကြီးတော်တွေလဲ အိမ်ပေါ်ကကိုဆင်းပြေးရောပဲ။ ဘကြီးက အဲဒီလို ကို ရုပ်တည်ကြီးနဲ့ ကို
နောက်တာဗျို့။
အခန်း(၄)
‘မင်းက တစ္ဆေ တွေ့ချင်တယ်ဆိုတော့ တစ္ဆေ ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်ကလာတာလဲ စသဖြင့်
ဘယ်လိုနားလည်ထားလဲ။ ‘
‘အိုဗျာခက်တာလိုက်လို့ လူသေပြီးရင်တစ္ဆေ ဖြစ်တာပဲ..’
‘ဟားဟားဟား မင်းမှားနေပြီ မသေပဲနဲ့ တစ္ဆေ ဖြစ်နေတဲ့သူတွေအများကြီးပဲ။’
‘ခင်ဗျားဟာကလဲ ဟုတ်မှလဲလုပ်ပါဗျာ။’
‘မင်းစဉ်းစားကြည့်စမ်း လူတစ်ယောက် အပြင်ပန်းကြည့်ရင် လူကြီးလူကောင်း၊ ဘုရားဒါယကာ
ကျောင်းဒါယကာ။ အတွင်းစိတ်က တော့အပြင်ပန်းနဲ့တခြားစီ၊ ဘယ်အချိန်သူများအပေါ်အကောက်
ကြံလိုက်ရမလဲ၊ ဘယ်လိုဖျံကျလိုက်ရမလဲ၊ ဒါတွေပဲစဉ်းစားနေတာ။ အဲဒီ လူတွေကိုက မသေခင်ထဲ
က တစ္ဆေ ဖြစ်နေကြတာကွ။ ‘
အင်းသူပြောတာလဲဟုတ်တာပဲ။ လောကကြီးမှာအဲ့ဒီလိုလူတွေလည်းအများသား။
သူကဆက်ပြောတယ်။
‘အေးအဲဒီလိုလူတစ္ဆေတွေအပြင် မသိစိတ်ကတစ္ဆေဖြစ်နေတဲ့လူတွေလည်းအများကြီးရှိတယ်။’
‘ဥပမာငါ့ကိုပဲကြည့်… ‘
ကျွန်တော့် နှုတ်ဖျားမည်သည့် စကားလုံးမှထွက်ကျမလာပါ။
အားလို့လန့်အော်ဖို့တောင် စကားလုံးရှာမရဖြစ်နေပါတယ်။
ဟုတ်ပါတယ် ခေါင်းမြီးခြုံအောက်ကလူဟာ ကျွန်တော်ပါပဲ။
‘မင်းသိပ်မအံ့သြသွားနဲ့ မင်းရဲ့မသိစိတ်ထဲကတစ္ဆေ ဟာငါပဲ။
မင်းလိုပဲ လူတိုင်းလူတိုင်းရဲ့ မသိစိတ်ထဲမှာ တစ္ဆေ တစ်ကောင်ကိန်းအောင်းနေတယ်။
ရှင်းအောင်ပြောရရင် မင်းနဲ့တွေ့တဲ့အချိန်မှာ မင်းငါ့ကိုမေးတယ်။ ထင်းခွေလာတာလားလို့။
ငါကလူတစ်ယောကိုစောင့်နေတာလို့ဖြေတယ်။ အမှန်တော့မင်းကိုစောင့်နေတာ။
အဲဒါပဲ မင်းရဲ့မသိစိတ်ထဲ ကတစ္ဆေ ကမင်းကိုခြောက်လှန့်လိုက်တာ။ ဘာမှမကြာလိုက်တဲ့
အချိန်လေးအတွင်းမှာ မင်းရဲ့မသိစိတ်ထဲက ဥာဉ်ဆိုးလေး ဟာတစ္ဆေ တစ်ကောင်အဖြစ်နဲ့
နိုးကြားလာပြီး မှန်နေတဲ့လောကကြီးကို တဒင်္ဂ မှားစေလိုက်တာပဲ။ မင်းလိုပဲ လူတိုင်းရင်ထဲက
တစ္ဆေ ဟာ မိနစ်တိုင်းအချိန်တိုင်းမှာ လောကကြီးကိုခြောက်လှန့်နေတယ်။
ကျွန်တော်ခေါင်းငိုက်စိုက်ချပြီး သူ့ရှေ့ကနေလှည့်ထွက်လာခဲ့ပါတယ်။
ရယ်သံတစ်ချို့ ကကျွန်တော့်နောက်မှာလွင့်ပျံ့ကျန်ခဲ့ပါတယ်။
ခင်ဗျားတို့လည်းဘ၀မှာတစ်ကြိမ်တစ်ခါမှားဖူးမယ်။ အဲဒီအမှားကိုနောင်တရလို့ လောကကြီး
အလယ်မှာခေါင်းငိုက်စိုက်ချမိမယ် ဆိုရင် ရယ်သံတစ်ချို့ကိုကြားရလိမ့်မယ်။ အဲဒီ ရယ်သံတွေ
ဟာ ခင်ဗျားတို့ရင်ထဲက ခပ်ဆိုးဆိုးတစ္ဆေ တစ်ကောင်ရဲ့ လှောင်ရယ်သံတွေပဲ ဖြစ်လိမ့်မယ်ထင်တယ်။
cretid
မိုးကြည်
Wednesday, August 26, 2015
ကျွန်မလေ......
ဒါကျွန်မ ဇာတ်လမ်းပါ။ သူ့အလိုလိုဖြစ်လာတဲ့ အချစ်အကြောင်းပေါ့။
လွန်ခဲ့တဲ့ ၃နှစ်တုန်းက ကျွန်မအသက်ဟာ ၂၃နှစ်။ အတော်လည်း ကြေကွဲခဲ့ရတယ်။ ချမ်းသာပြီး ပြစ်မှုမရှိတဲ့ လူတစ်ယောက်၊ သူက ကျွန်မကို လက်ထပ်ချင်ခဲ့တယ်။ ကျွန်မလိုသမျှလည်း အကုန်ပေးခဲ့တယ်။
ဒါမဲ့ တစ်နေ့၊ ဧပြီ ၁ရက်နေ့ပေါ့။ ကျွန်မ သူ့ကိုချန်ရစ်ထားခဲ့တာ ဟာသတစ်ခုလိုပါပဲ။ အကြောင်းရှိလို့ပါ။ တကယ့်ကို အတည်ကြီးရယ်။ သူက ကျွန်မကို ပိုင်ဆိုင်ချင်လို့တဲ့။ သူ့ဆီက ထွက်သွားရတာ အလုပ်ပြုတ်သွားတာနဲ့ အတူတူပဲ။ (ကျွန်မက သူ့ဆီမှာ အလုပ်လုပ်နေတာလေ။) ကျွန်မရဲ့ အချစ်၊ ကျွန်မရဲ့ သက်တောင့်သက်သာရှိမှု နဲ့ ပိုက်ဆံ။
နောက်လူတစ်ယောက်ကြောင့် ကျွန်မလေ သူ့ကို ထားရစ်ခဲ့နိုင်တယ်။ ကျွန်မဘ၀ထဲက တတိယမြောက်လူပေါ့။ သူနဲ့ အရူးအမူးကို ချစ်ကြတာ။ ကျွန်မ သူ့ကို တကယ့်ကို မြတ်နိုးပါတယ်။ ကျွန်မတို့တွဲလာပြီး နှစ်လကြာတော့ သူ့ရည်းစားဟောင်းက သူ့ကို ဆက်သွယ်လာပြီး သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ပြောလာတယ်။ သူ ကြောင်သွားတယ်။ ခြေမကိုင်မိ လက်မကိုင်မိ တွေဖြစ်လာတယ်။ သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိတော့ဘူး။ သူမဆီသွားရမလား၊ ကျွန်မနဲ့ပဲ နေရမလား။ အဆုံးမှာတော့ ကျွန်မကို ထားသွားပါတယ်။
ကျွန်မ တစ်ယောက်တည်းပဲ ကျိတ်ငိုလိုက်တယ်။ လပေါင်းများစွာကြာအောင်ပေါ့။ နှစ်ပေါက်သွားတဲ့အထိလည်း ဖြစ်လိမ့်မယ်။
တခြားယောကျာ်းတွေနဲ့ ကျွန်မ တွဲစပြုလာတယ်။ ပြီးတော့ သူတို့ နာကြင်ရအောင်လုပ်တယ်။ တစ်နှစ်အတွင်းမှာပဲ ယောကျာ်း ၅ယောက်နဲ့ပေါ့။ နောက်ပြီးတော့ အဆိုးရွားဆုံးတွေ ဖြစ်လာအောင် ချန်ထားရစ်ခဲ့လိုက်တယ်။ သူတို့ငိုလာအောင်၊ ကျွန်မဆီ အနူးအညွတ်တောင်းပန်လာအောင် လုပ်ခဲ့တယ်။
ကျွန်မ ဘာမှ မခံစားရဘူး။ ကျွန်မဟာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံး သက်ရှိတစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်မ အသည်းကွဲခဲ့ပြီး ဘ၀ကြီးဟာ ဘာမျှအဓိပ္ပါယ်မရှိတာကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ တိကျတဲ့ အချက်တစ်ချက်ကြောင့် ကျွန်မ စိတ်လျှော့လိုက်ပါတယ်။ ကျွန်မကို ထားရစ်ခဲ့တဲ့သူ့ကိုလဲ မေ့လိုက်တယ်။ အဲ့ဒီ့မိန်းမအတွက်နဲ့ ကျွန်မကိုထားရစ်ခဲ့တဲ့ သူဟာ အဲ့ဒီ့မိန်းမနဲ့ပဲ လက်ထပ်သွားတယ်။ သူ့ကို ထာဝရ ဆုံးရှုံးလိုက်ရတယ်။ ကျွန်မဘ၀ ရှေ့ဆက်လျှောက်ရဖို့ ရှိသေးတယ်ဆိုတာကိုလည်း သိခဲ့တယ်။ ကျွန်မ လိပ်ပြာကို ကယ်တင်ဖို့အတွက် ပုံမှန်အတိုင်း ပြန်နေသွားရမယ်ဆိုတာကိုပေါ့။
ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်ခဲ့ပြီးနောက်မှာ ‘ကိုပါ’ ပေါ်လာခဲ့တယ်။ ကျွန်မက အအေးဆိုင်တစ်ခုမှာ ရောက်နေခဲ့တာ။ သူက ချဉ်းကပ်လာပြီး ကျွန်မကို စကားတွေပြောလာပါတယ်။ နံနက် ၄နာရီထိလည်း အတူတူ အချိန်ဖြုန်းခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ကို မ၀နိုင်ကြဘူး။ အစပိုင်းမှာတော့ အခက်အခဲတွေ ရှိခဲ့ကြတယ်။ သူကလည်း သူနဲ့ ၅နှစ်တွဲခဲ့တဲ့ ချစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့သူ။ ဒီတော့ သူလည်း ကျွန်မနဲ့ အဖြစ်တူတယ်ပေါ့။ သူဘယ်လို ခံစားခဲ့ရမယ်ဆိုတာ နဲ့ အတည်ငြိမ်ဆုံးဖြစ်အောင် ဘယ်လောက် အချိန်ယူခဲ့ရမယ်ဆိုတာ ကျွန်မ အကောင်းဆုံးသိခဲ့တယ်။ တစ်ဖက်သတ် အချစ်အတွက် ပူပန်သောက တက်ခဲ့ရတာတွေ ငရဲအလားခံစားခဲ့ရတာတွေက ကျွန်မနဲ့ ထပ်တူပါပဲ။ ဒါတွေနဲ့ပတ်သက်လို့ ခုတော့ ကျွန်မ စိတ်မဆင်းရဲရတော့ပါဘူး။ ကျွန်မ လုံးဝစိတ်ချယုံကြည်ထားနိုင်တဲ့သူဟာ ကျွန်မဘေးမှာ ရှိနေပြီလေ။ သူ့ကို ချစ်တယ်။ သူမရှိဘဲ နေရမယ့် ဘ၀ကြီးကို စဉ်းတောင်မစဉ်းစားနိုင်ဘူး။ ၃လတာကာလအတွင်း ကျွန်မတို့ လက်ထပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်မတို့ ဆုံခဲ့တဲ့ နှစ်နှစ်ပြည့်အချိန်ပေါ့။ လိုက်ရှာနေစရာမလိုပါဘဲ၊ ငိုယိုပူဆာနေစရာ မလိုပါဘဲနဲ့ ပျော်ရွှင်မှုဆိုတာဟာ ကျွန်မတို့နှစ်ယောက်ဆီကို အလိုလိုရောက်လာခဲ့တယ်။ တကယ်လိုတာက ကျွန်မတို့ကိုယ်တိုင် ငြိမ်းချမ်းနေဖို့ပါပဲ