ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank

ခုလို ကျွန် တော် ဆိုက်လေးကိုအားပေးတာ thank

Sunday, August 23, 2015

မောင်.....

ခရမ်းရင့်ရောင်နဲ့အနီစပ်စပ်။

ငှက်တွေကတော့ အိပ်တန်းဝင်ဖို့အရှေ့ဘက်တောအုပ်ထဲကို အသံစုံအော်မြည်လို့ အုပ်စုလိုက် ပျံဝင်သွားကြတယ်။ ကတ္တရာလမ်းသေးသေးလေးအတိုင်း ဆင်ဖြူရှင်မဂူနားက တန်ဆောင်းဘက်ကို လမ်းလျှောက်လာခဲ့မိတယ်။ ရေချိုးပြီးစမို့ သင်းပျံ့တဲ့ ကိုယ့်ခေါင်းလျှော်ရည်နံ့ကို ကိုယ်ပြန်ရနေခဲ့တာပေါ့။ ငွေရောင်သန်းတဲ့ ပန်းနုရောင်ဖျော့ဖျော့ ခြေသည်းဆိုးနီလတ်ဆတ်ဆတ်ပေါ်မှာ ကတ္တရာလမ်းပေါ်က ဖုန်ငွေ့လေးတွေက ရိုးတိုးရိပ်တိပ်အမျှင်တွဲလာချင်နေသေးတယ်။


တန်ဆောင်းဘက်ကိုရောက်တော့ နေလုံးနီရဲ့ကြက်သွေးရောင်ဖျော့ဖျော့က ကနုတ်ပန်းတွေပေါ်မှာ ဖျန်းကျနေတယ်။ အိုဟောင်းနေတဲ့ ကနုတ်ပန်းစွယ်တစ်ခုထဲမှာ ယိုယွင်းပျက်စီးနေတဲ့ ပင့်ကူအိမ်တစ်အိမ်။ ပဲ့နေတဲ့အုတ်လှေကားထောင့်တစ်ထောင့်မှာ ဖိနပ်ကို စုစုလေးချွတ်ထားခဲ့ပြီး၊ တန်ဆောင်းပေါ်ကို တက်လာခဲ့တယ်။ ခပ်လှမ်းလှမ်းက တိတ်တဆိတ်မျောလွင့်လာတဲ့ ဆည်းလည်းသံဟာ အလွမ်းရိပ်တွေဝေလို့နေလေသလား။


တန်ဆောင်းရဲ့မျက်နှာကြက်ပေါ်ကနေ အိမ်မြှောင်တစ်ကောင်က စုတ်ထိုးလိုက်တယ်။ ပလ္လင်ဘက်ကို ဦးတည်ဒူးတုပ်ထိုင်ရင်း လက်အုပ်ချီလိုက်တယ်။ ဘုရားစာကိုရွတ်ဖတ်နေစဉ်မှာ ပင်လယ်ဘက်က တိုးဝှေ့တိုက်ခတ်လာတဲ့လေဟာ ဆံနွယ်တွေထဲ ပွတ်သပ်ကျီစယ်သွားတယ်။ ဘုရားစာရွတ်အပြီး စိတ်ပုတီးကို ထုတ်လိုက်ချိန်မှာ ဘယ်ဘက်နားက မွေးပျံ့တဲ့ ရနံ့တစ်ခုက စီးမျောလို့လာတယ်။

‘ရင်းနှီးလိုက်ရတာ…..’

ဒီအချိန်မှာ ဘယ်အရာကမှ စိတ်ထဲကို ဖြတ်မဝင်သင့်တာသိပေမယ့်၊ စိတ်ထဲက ရင်းနှီးလွန်းသလိုဖြစ်နေတဲ့ အရာခံစားချက်တစ်ခုကြောင့် ခေါင်းကိုအသာငဲ့ပြီး အားတင်းကြည့်လိုက်မိတယ်။


‘ဟင်… မောင်….’

အပြာကွက်အကျီ င်္တစ်ထည်နဲ့ ငြိမ်သက်စွာထိုင်ပြီး အာရုံပြုနေသူ လူတစ်ယောက်ရဲ့ပုံရိပ်က မျက်လုံးထောင့်မှာ မပီဝိုးတဝါး..။ သူ့ဆီက လတ်ဆတ်သစ်လွင်တဲ့ ကိုယ်သင်းနံ့ဟာ ညနေခင်းလေနဲ့အတူ ကိုယ့်ထံကို လွင့်မျောလို့လာနေတာ။ သူ့ကိုယ်ပေါ်ကို ပုဇွန်ဆီရောင်ညနေခင်းနေရောင်တွေ ဖျာကျနေတာ၊ ဆံပင်ထဲကို ညနေခင်းလေတွေ တိုးဝှေ့ဝင်ရောက်နေတာ၊ သူ့ရင်ဘတ်အိတ်ထဲက အပြာရောင်လက်ကိုင်ပုဝါလေး တဖျတ်ဖျတ်လွင့်နေတာ၊ ဒါတွေအားလုံးကို ခံစားနေရတာ။

လက်ဖျားတွေ နွေးကနည်း တစ်ချက်ဖြစ်သွားတယ်။ စိတ်ပုတီးက ပြုတ်ကျသွားတယ်။
“ဒီလောက်မဖြစ်သင့်ဘူး၊ တစ်ကယ်ဆို.. သူနဲ့ကိုယ်က သိကျွမ်းခဲ့ကြဖူးသူများတောင် မဟုတ်တာပဲကွယ်’
ကိုယ့်ကိုကိုယ်ဆုံးမသံဟာ ပင်လယ်လေတွေနဲ့အတူ ကတိုက်ကရိုက်လွင့်ပါးလို့ သွားတော့တယ်။ စိတ်ပုတီးကိုကောက်ကိုင်ပြီး အာရုံကိုစုစည်းလိုက်တယ်။ အချိန်တွေသာ အသံမြည်တတ်မယ်ဆို ပင်လယ်လှိုင်းလုံးတွေလို တဝုန်းဒိုင်းဒိုင်းမြည်ဟည်းနေလောက်တယ်။ စိတ်ပုတီးအပတ်လည်သွားချိန်မှာ ပေါင်ပေါ်မှာ တစ်စုံတစ်ရာက လိပ်ပြာကလေးတစ်ကောင်လို တဖျတ်ဖျတ်နဲ့ နွေးနွေးကလေး။

‘ဟင်’
အပြာရောင်ယောင်္ကျားကိုင် လက်ကိုင်ပုဝါလေး။

အခုနကတင် သူ့ရင်ဘတ်မှာ တွဲရရွဲရှိနေခဲတာ မဟုတ်လား…။

အသာအယာကောက်ကိုင်ပြီး သူထိုင်နေရာဘက်ကို မရဲတရဲလှမ်းကြည့်လိုက်မိတယ်။ မထူးဆန်းလွန်းဘူးလား၊ မထူးဆန်းလွန်းပေဘူးလားကွယ်….။ သူ့လက်ကိုင်ပုဝါလေးက ကိုယ့်ဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ပျံဝဲလို့လာလေတာ….။ သူကတော့ လက်စုံမိုးလို့ အာရုံတွေထဲမှာ စူးစူးနစ်နစ်။ လှပပြေပြစ်တဲ့ သူ့နှဖူးဆံနွယ်တွေနဲ့ ယောင်္ကျားလေးတစ်ယောက်မှာ ရှိနေကျအရောင်အတိုင်းနှုတ်ခမ်းတွေကို ရဲရဲတင်းတင်းစိုက်ကြည့်နေခဲ့မိတယ်။

‘မောင်…. မျက်စိ မဖွင့်လိုက်ပါနဲ့ဦးနော်’

သူ့ဆံပင်တွေ လေထဲမှာသိမ့်သိမ့်လေးလူးလွန့်နေတာဟာ ကကြိုးဆန်းတဲ့ကခြေသည်တွေငိုကြွေးအရှုံးပေးရလောက်ရဲ့ကွယ်။

✿⊱╮✿⊱╮✿⊱╮✿⊱╮

သူနဲ့စတွေ့တဲ့နေ့က ပင်လယ်ပြာပြာနောက်ခံထားတဲ့ အုန်းပင်စုတွေအောက်မှာ။ နေလုံးဝင်သွားတာကြာပြီဆိုပေမယ့် ပူနွေးနေသေးတဲ့ သဲသောင်ပြင်ပေါ်က မီးပုံပွဲတစ်ခုမှာပေါ့။ ရယ်မောသံတွေ စည်နေပေမယ့် ကလက်တက်တက် မမည်တဲ့ည။ စကားပြောသံတွေညံနေပေမယ့် အိနြေ္ဒအတည်တကျနဲ့ ည။ လူဦးရေ ရာကျော်မျှသာရှိတဲ့ နယ်မြို့ကလေးက အရာရှိပေါက်စကလေးရဲ့ မျက်လုံးတွေဟာ၊ အခြားအရာရှိငယ်ငယ်လေးတွေလိုပဲ၊ ရှိနေတဲ့အရွယ်ထက်၊ တည်ငြိမ်သင့်တာထက်၊ တည်ငြိမ်လွန်းနေခဲ့တယ်။

မတည်ငြိမ်နေခဲ့တဲ့အရာကတော့ လူကြီးတွေကြားထဲ လိုက်လာခဲ့မိတဲ့ ကျမရဲ့မိုက်မဲလှတဲ့ ဒီကနှလုံးသားပါပဲ….မောင်။

‘ဒီကလေးမလေးကဂစ်တာလည်းတီးတတ်တယ်၊ တယောလည်းရတယ်၊ သီချင်းလည်းဆိုတတ်သေးတယ်’
အစ်မနဲ့ သူမသူငယ်ချင်းတွေရဲ့ စကားသံအဆုံးမှာ သူ့မျက်လုံးတွေက ကိုယ့်ဆီရောက်လာတယ်

‘ဟို… ဟို.. အကုန်လုံးက ဟိုနည်းနည်း ဒီနည်းနည်းတွေပါ၊ တစ်ခုမှတော့ ကောင်းကောင်းကန်းကန်း အဆင်မပြေပါဘူးရယ်’’

ပူနွေးနေသေးတဲ့ ပင်လယ်ပြင်ရဲ့သဲတွေထဲ လက်ထိုးထည့်မွှေနှောက်ရင်း ပလုံးပထွေးပြောမိတယ်။ ပြီးတော့ လူတွေအများကြီးထဲမှာမှ သူ့မျက်ခုံးတွေကြားက နက်မှောင်တဲ့မျက်လုံးတွေမှာ ကိုယ့်အကြည့်က သွားဆုံးတယ်။

‘ဒါဆို… သီချင်းတစ်ပုဒ်လောက် ဆိုပေးပါ ညီမ’

ရင်ခွင်မှာပိုက်ထားတဲ့ သူ့ဂစ်တာကို လှမ်းပေးတော့ ချီတုံချတုံနဲ့လှမ်းယူရင်း အဆင်မပြေမှုများစွာကို တပြိုင်နက်တည်း ခံစားနေခဲ့ရတယ်။

‘ဟင့်အင်း… ညီမ မဟုတ်ဘူး၊ ကျမက ရှင့်ကို မောင်…. လို့ ခေါ်ကြည့်ချင်တာ’

သူက သူ့သူငယ်ချင်းလက်ထဲက ဂစ်တာကို လှမ်းယူပြီး second လိုက်ပေးဖို့ဟန်ပြင်တယ်။ ဂစ်တာလေးက သူ့ရင်ခွင်ထဲမှာ အဆင်ပြေကျနစွာနဲ့ပေါ့။
အဲဒီညက ဂစ်တာကြိုးပေါ်က ကိုယ့်လက်ချောင်းတွေဟာ အသက်မဲ့နေခဲ့တယ်။ အာရုံက ဆိုနေတဲ့သီချင်းဆီမှာ မရှိခဲ့ပါဘူး။
‘ကျမ…. မောင့်ရင်ခွင်ထဲက ဂစ်တာလေး ဖြစ်ချင်တယ်… မောင်….
မောင်နဲ့အနီးဆုံးမှာ မောင့်ရင်ခုန်သံကို ရည်တွက်ကြည့်ချင်မိလို့ပါ
မောင်….. မသိလိုက်ဘဲနဲ့ပေါ့….’
အဲဒီညက သောင်ပြင်ကအပြန် ဂျစ်ကားဘီးကသောင်ထဲမှာ နစ်နေခဲ့တယ်။ မိန်းကလေးတွေအားလုံး ခပ်တည်တည်နဲ့ ကားပေါ်က မဆင်းလို့၊ အားလုံးထဲမှာ အကိုကြီးနေရာမှာ ရှိနေတဲ့ ဦးကိုကိုက ‘နင်တို့ကိုနင်တို့ မင်းသမီးတွေထင်နေလား၊ ဆင်းတွန်းကြ’ ဆိုတာနဲ့ အားလုံးဆင်းတွန်းခဲ့ကြတယ်။ ဂျစ်ကားက အရှိန်နဲ့ ဆောင့်ထွက်သွားတော့ အရှိန်လွန်ပြီး သောင်ပြင်ပေါ်မှာ ခွေကနဲကျသွားတယ်။
အဲဒီအချိန်မှာ… လက်မောင်းကိုတစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်မှုနဲ့အတူ၊ လေထဲကို လွင့်ပါးမျောပါသွားသလိုပဲခံစားလိုက်ရတာ၊ တစ်ကယ်ကတော့ မောင့်အကြင်နာနဲ့ ခပ်စိမ်းစိမ်းမျက်ဝန်းတစ်စုံကြောင့်ပါ။

‘ဘာဖြစ်သွားသေးလဲ ညီမ’

‘ဟင့်အင်း’

အဖျားခတ်တုန်ခါတိုးတိမ်သွားတဲ့ ကိုယ့်အသံကို ကိုယ်ပြန်ခြောက်ခြားမိခဲ့တဲ့ည။ သူ့မျက်ဝန်းတွေကို အားယူကြည့်မိတော့ ကြယ်ရောင်အောက်က သူ့မျက်ဝန်းတွေဟာ ရိုးသားခြင်းအရိပ်တွေနဲ့ တဖျတ်ဖျတ်လက်နေခဲ့တာများဆိုတာ…..

 ကိုယ့်လိပ်ပြာရဲ့ရှက်ရွံ့ငိုကြွေးသံကို ကြောက်ခမန်းလိလိ ပြန်ကြားယောင်နေခဲ့ရတယ်။

အဲဒီညက ကုတင်ပေါ်မှာ တလူးလူးတလိမ့်လိမ့်နဲ့ သူထိခဲ့တဲ့ လက်မောင်းကို ယောင်ယမ်းကိုင်ကြည့်ရင်း၊ အောက်နှုတ်ခမ်းကိုဖိကိုက်လို့ တစ်ယောက်တည်း အရှက်ကြီးရှက်ခဲ့ရတဲ့ည။

ဒီလိုနဲ့ သူနဲ့ကျွန်မဟာ… လူသူတိတ်ဆိတ်တဲ့ မြို့ငယ်လေးရဲ့ လူမှုရေးပွဲတွေမှာ၊ ဓမ္မာရုံတွေမှာ၊ အားကစားကွင်းတွေမှာ၊ ဘုရားရှိခိုးကျောင်းမှာ၊ ဈေးထဲမှာ၊ ဥယျာဉ်ခြံတွေထဲမှာ၊ မကြာခဏ ဆုံဖြစ်ကြတယ်။ ဆုံဖြတ်တဲ့အခါတိုင်းမှာလည်း ပြုံးပြ၊ ငေးကြည့်၊ စကားလေးတစ်ခွန်းနှစ်ခွန်း ပြောဖြစ်ကြရုံကလွဲလို့ ထူးထူးခြားခြား မရှိခဲ့ပါဘူး။ ကျွန်မဟာ.. ဒီမြို့ကလေးကနေ အချိန်တန်တဲ့ တစ်နေ့မှာ ထွက်ခွာသွားရမှာဖြစ်သလို၊ သူဟာလည်း… အချိန်တန်တဲ့ တစ်နေ့မှာ……။

✿⊱╮✿⊱╮✿⊱╮✿⊱╮

ဘုရားရှိခိုးတာပြီးဆုံးသွားတဲ့အနေအထားနဲ့ လှုပ်ရှားလာတဲ့သူ့ကြောင့် အထိတ်တလန့်ခေါင်းငုံ့ချရင်း၊ လက်ထဲကသူ့လက်ကိုင်ပုဝါကို ဆုပ်ထားလိုက်မိတယ်။ သူမတ်တပ်ရပ်လိုက်သံ၊ နောက်တော့ တန်ဆောင်းအောက်ဘက်ကို ခပ်တိုးတိုးဆင်းသွားတဲ့ သူ့ရဲ့ခြေသံ။

ဦးသုံးကြိမ်အမြန်ချလို့ တန်ဆောင်းလှေကားထောင့်နားမှာ ချွတ်ထားခဲ့တဲ့ ဖိနပ်လေးဆီ ခြေသံမကြားအောင် အမြန်ပြေးဆင်းလာခဲ့တယ်။ သူက လှေကားရင်းနားထိရောက်နေပြီ။ ဖိနပ်ကို အမြန်ကောက်ယူပြီး လှေကားထစ်တစ်ထစ်အဆင်းမှာ…. သူ့ဆီကိုရောက်လိုဇောကြောင့် ခြေဆစ်ခေါက်ပြီး လဲပြိုကျသွားခဲ့တယ်။

‘ဟင်… ညီမ’

တန်ဆောင်းတန်းလှေကားရင်းမှာ ထိုင်ချပြီး နာကျင်မှုနဲ့အတူ ရှက်ရွံ့ခြင်းတွေပါရောလို့ မျက်ရည်တွေ ကျလာမိတယ်။

‘ဟင်…. သိပ်နာသွားလား၊ ဘယ်လိုဖြစ်ရတာလဲ၊ ခုနက
ဘုရားရှိခိုးနေတာတော့တွေ့တယ်။ အောက်ကိုဘယ်လိုလုပ်ရောက်လာတာလဲ’
‘တစ်ကယ်က… တစ်ကယ်က…. ကျမဆီကိုလွင့်လာတဲ့ မောင့်လက်ကိုင်ပုဝါလေး လိုက်ပေးမလို့ပါ’
စကားတွေက လည်ချောင်းဝမှာ ပျောက်ကွယ်သွားတယ်။ သူ့မျက်ဝန်းတွေနဲ့ မျက်ရည်တွေပြည့်လျှံနေတဲ့ ကိုယ့်မျက်ဝန်းတွေ အကြာကြီးဆုံဖြစ်တယ်။

‘ဆေးခန်းလိုက်ပို့ပေးမယ်နော်၊ အစ်ကို.. ဆိုက်ကား သွားရှာလိုက်မယ်’

‘ဟင့်အင်း… ဒီတိုင်းပဲ ပြန်မယ်၊ ရတယ်’


‘မဟုတ်တာကွာ…၊ အစ်ကိုဆေးခန်းလိုက်ပို့မယ်’

သူဆိုက်ကားသွားဌားနေစဉ်မှာ လက်ကိုင်ပုဝါလေးကို ပိုက်ဆံအိတ်လေးထဲ အတင်းထိုးသိပ်ထားလိုက်မိတယ်။

အဲဒီညက ဆေးခန်းထဲက မှိန်ဖျော့ဖျော့မီးချောင်းရောင်အောက်က နံရံကပ် အိမ်မြှောင်တွေကိုပဲ မျက်ရည်ဝိုင်းတဲ့ မျက်ဝန်းတွေနဲ့ လိုက်ကြည့်နေခဲ့မိတယ်။ ဘေးနားမှာ ကပ်ထိုင်နေတဲ့ သူ့ဆီက အမည်မသိသင်းပျံ့ပျံ့ရနံ့ဟာ၊ ယောင်္ကျားလေးတွေ ရေမွှေးဆွတ်ခြင်းကို မနှစ်သက်တဲ့ သူမအတွက်၊ သာမန်ဆပ်ပြာနံ့ပဲ ဖြစ်လိမ့်မယ်လို့လည်း အတင်းကြီးယုံကြည်ထားခဲ့မိတယ်။ လက်ကိုင်ပုဝါအပြာလေးကို ထိုးသိပ်ထည့်ထားတဲ့ လက်ကိုင်အိပ်သေးသေးလေးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့မိတယ်။
ဆေးခန်းကအထွက်မှာ စောင့်နေတဲ့ဆိုက်ကားပေါ်ကို သူတွဲတင်ပေးပြီး၊ အိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့တယ်။ ခြံရှေ့က ပန်းဖြူဖြူလေးတွေပွင့်တဲ့ ပန်းချုံနားရောက်တော့ သူလည်း လိုက်ဆင်းပြီး၊ ဆိုက်ကားဆရာကြီးကို ငွေရှင်းပေးလို့ လွှတ်လိုက်တယ်။

‘မမရေ…’

အိမ်ထဲကိုလှမ်းကြည့်ပြီး ခေါ်လိုက်တဲ့ကိုယ့်အသံတွေဟာ အင်အားမဲ့နေတယ်။ သူနဲ့ဆိုရင် အင်အားမဲ့နိုင်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ဒေါသဖြစ်လာခဲ့မိတယ်။ ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လည်း အရမ်းစိတ်တိုလာမိတယ်။ နောက်အခြားသော အရာပေါင်းများစွာကိုလည်း စိတ်တိုလာမိတယ်။

‘ကိုယ့်ဟာကိုယ်ပဲ သွားတော့မယ်၊ ရပြီ။ ကျေးဇူးတင်တယ်’

ချက်ချင်းလေသံမာသွားတဲ့ ကိုယ့်ကို သူကနားမလည်သလို ငုံ့ကြည့်လာတယ်
‘အစ်ကို အိမ်ထဲထိပို့ပေးမယ်လေ’

‘ရတယ်၊ ရသွားပြီ၊ ဖြစ်ပါတယ်’

လက်မောင်းကို စေတနာနဲ့တွဲပေးနေတဲ့ သူ့လက်က ပိုတင်းကျပ်သလို ခံစားလာရတယ်။

‘ဟင့်အင်း’

ဖျတ်ကနဲရုန်းထွက်ပြီး အိမ်ဘက်ကို အားနဲ့အလျှောက်မှာ…. ဘယ်ဘက်ခြေထောက်မှာ စူးကနဲနာကျင်မှုနဲ့အတူ ခွေကျသွားတော့တယ်။ သိလိုက်တဲ့အချိန်မှာ သူ့ရင်ခွင်ထဲမှာ ရောက်နေခဲ့ပြီ။ သူ့လည်ပင်းက သွေးကြောကလေး လှုပ်နေတာကိုတောင် ခံစားလို့ရနေတယ်။ သူ့ပါးပြင်က ရိတ်သင်ပြီးစ စူးရှရှလေးတွေက နားသယ်စပ်ကို ဖြတ်ပွတ်သွားတယ်။ နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားတာ အုန်းလက်လေတိုးသံတွေကိုတောင် ကြားနေရတယ်။


‘ကျမ ကိုယ့်လိပ်ပြာကို ကိုယ်မလုံဘူးမောင်။ ကျမ သိပ်လည်းရှက်တယ်။ မိန်းမတစ်ယောက်ရဲ့သိက္ခာတွေ အဖတ်ဆယ်မရအောင် ကျသွားပြီလားမောင်’


ကျမဟာ သောင်ပြင်မှာ ကားဘီးနစ်တဲ့နေ့ကစပြီး သူ့အိမ်ရှေ့မှ အခါပေါင်းများစွာ ဖြတ်လျှောက်ခဲ့ဖူးပါတယ်။ နေ့ခင်းဘက်တွေမှာတော့ သူ့အိမ်လေးဘက်ကို လှည့်မကြည့်ရဲခဲ့ပေမယ့်၊ ညဘက်တွေမှာတော့ အိမ်ထဲကအလင်းရောင်နဲ့ သူ့ကိုရှာကြည့်မိတဲ့ ရက်တွေ ရှိခဲ့တယ်။ သူ့မှာပိုင်ဆိုင်မှုဆိုတာ များများစားစား မရှိလှပါဘူး။ အလင်းရောင်ကြောင့် ဝိုးတဝါးမြင်ရတတ်တဲ့ ပြူတင်းပေါက်ကန့်လန့်ကာနောက်က ခုံလေးအချို့ရယ်၊ ညှိုးတစ်ခါလန်းတစ်လှည့် ပန်းအိုးလေးတစ်လုံးရယ်၊ ပြက္ခဒိန်လေးတစ်ချပ်ရယ် ရှိနေတတ်တယ်။ တစ်ခါတစ်ရံမှာတော့လည်း သူက သူမွေးထားတဲ့ ခွေးညိုလေးတစ်ကောင်ကို ပခုံးပေါ်တင်ပြီး ဆော့ကစားနေတာကို မြင်ရတတ်တယ်။
သူကခွေးသိပ်ချစ်တတ်တယ်လို့ သိရတယ်။ သူ့ရဲ့ခွေးညိုလေးဟာတော့ သောင်ပြင်ပေါ်မှာ မျက်စိလည်ပြီး တစ်ကောင်တည်းကျန်ခဲ့တဲ့ ခွေးပေါက်စလေး တစ်ကောင်ပေါ့။ သူကကောက်ယူမွေးစားပြီး တယုတယင် ချစ်ခြင်နေလေရဲ့။ အဲဒီခွေးကလေးကို အိမ်ထဲမှာပဲထားပြီး တအိပ်ရာထဲ အိပ်တယ်လို့လည်း ဆိုကြတယ်။


‘တစ်ကယ်ဆို ကျမ…. မောင့်ရင်ခွင်မှာ တိုးဝှေ့လို့ အိပ်စက်တတ်တဲ့ မောင့်ရဲ့ခွေးလေးနေရာမှာ ရှိနေချင်ခဲ့တာပါ… မောင်’


တိတ်ဆိတ်လွန်းလို့ အုန်းလက်လေတိုးသံကိုတောင် ကြားနေရတယ်၊ လွန့်ပါးသွားတဲ့ခံစားချက်တွေကို ဖမ်းဆုပ်လို့ မမိခင်မှာပဲ သူ့ရင်ခွင်ထဲကို မှီချလိုက်မိတယ်။ သူ့ထံက သက်ပြင်းရှိုက်သံကို ကြားလိုက်ရတယ်။ သူ့မေးစေ့နဲ့ နဖူးပြင်တို့ ခပ်ဖွဖွ ပွတ်တိုက်လိုက်မိတယ်ထင်တယ်။ စိတ်မထိန်းလိုက်နိုင်ခင်မှာ… သူ့လည်ပင်းမှာ နှုတ်ခမ်းတို့က ဖိကပ်ထားလိုက်မိပြီ။ ဝဲလာတဲ့မျက်ရည်တွေကို မျက်တောင်ခပ်လို့ သိမ်းဆည်းပစ်လိုက်တယ်။ သူက လက်မောင်းကကိုင်ပြီး အသာလေး ကိုယ်ကိုမတ်စေလိုက်တဲ့ တစ်ချိန်တည်းမှာပဲ၊ ကိုယ်ကလည်း သူ့ရင်ခွင်ထဲကနေ ခွာခဲ့လိုက်ပါတယ်။

အိမ်ထဲကိုရောက်တော့ အခန်းထဲထိ နောက်လှည့်မကြည့်တော့ဘဲ တန်းဝင်သွားခဲ့တယ်။ အခန်းပေါက်ဝနားရောက်မှ မမနဲ့ စကားပြောနေရင်း စိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်နေတဲ့ အိမ်ပေါက်ဝကသူ့ကို ခပ်စိမ်းစိမ်းတစ်ချက် ကြည့်လိုက်မိတယ်။ အဲဒီညက ခေါင်းဦးကို ကုပ်ထားရင်း သိက္ခာတရားအတွက်လား၊ ရင်ခုန်မှုအတွက်လား၊ မစောင့်စည်းနိုင်မှု တစ်ခုအတွက်လား၊ ဘာရယ်မှန်းမသိတဲ့ အရာတစ်ခုအတွက် မျက်ရည်တွေကို လွှတ်ထုတ်လိုက်ခဲ့မိတယ်။ ပြီးတော့ ပိုက်ဆံအိတ်သေးသေးလေးထဲမှာ ထိုးသွင်းကွယ်ဖွက်ထားခဲ့တဲ့၊ သူ့ရဲ့ကိုယ်နံ့သင်းသင်းလေးရနေတဲ့ လက်ကိုင်ပုဝါအပြာရောင်လေးကို မျက်ရည်တွေပေကျံနေတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်ခဲ့ရတဲ့ စိတ္တဇညပေါ့။

✿⊱╮✿⊱╮✿⊱╮✿⊱╮

ခြေထောက်နာနေတဲ့ဒဏ်နဲ့အတူ အိမ်ထဲက မထွက်ဘဲ အခန်းအောင်းနေခဲ့တဲ့ ရက်လတွေဟာ ရှည်ကြာလွန်းလှတယ်။ လူနာလာကြည့်တဲ့ သူ့တင်မက၊ အခြားဘယ်သူနဲ့မှလည်း ဟက်ဟက်ပက်ပက် မရှိချင်ခဲ့ဘူး။ ဖြစ်နိုင်ရင် ဒီမြို့ကလေးကနေ အမြန်ဆုံး အဝေးဆုံးကို ထွက်သွားချင်နေခဲ့မိပြီ။ ဖြစ်ချင်တော့ ခြေထောက်အနာသက်သာလာစ နေ့တစ်နေ့မှာ…. …။
မုန်တိုင်းအပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားသလိုမျိုး၊ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလောက်ပြီဆိုတဲ့ ညနေစောင်းတစ်ခုမှာ၊ သွားနေကျ ဆင်ဖြူရှင်မဂူနားက စောင်းတန်းလေးဆီကို ထွက်လာခဲ့မိတယ်။ ညနေခင်းလေပြေထဲမှာ ပန်းရနံ့တွေက သင်းပျံ့လို့ပေါ့….။

လမ်းချိုးလေးဘက် မကွေ့ခင်၊ သူ့အိမ်ဘက်ကို ခြေလှမ်းတွေက ရုတ်တရက် ချိုးကွေ့လို့ သွားနေခဲ့တယ်။

‘တစ်ကယ်ဆို သိနှင့်နေပြီးသားပါပဲ.. မောင်။ ဒါပေမယ့် ကျမ မျက်စိနဲ့တွေ့ချင်သေးတယ် မောင်ရယ်’


သူ့အိမ်ကလေးဟာ အရင်အတိုင်း သပ်ရပ်တိတ်ဆိတ်ဆဲ။ ပြူတင်းပေါက်က ကန့်လန့်ကာလေးတွေက လွန့်လူးဆဲ။ ဒါပေမယ့် ကန့်လန့်ကာလေးတွေက အရင်လို အညိုကွက်ကျားမဟုတ်တော့ဘဲ၊ ဇာပန်းဆီးလေးတွေ ဖြစ်နေတာ၊ ခေါင်းရင်းမှာ လှမ်းမြင်နေရတဲ့ ဘုရားစင်မှာ ပန်းတို့က ဝေဆာနေတာ၊ နံရံပေါ်မှာ ပန်းချီကားလေးတွေ ဝေဆာစုံညီလာတာ၊ အို…. ခြံထဲကချုံပုတ်လေးက သစ်ရွက်ကလေးတွေကို နှုတ်သီးနဲ့နမ်းနေတဲ့ မောင့်ရဲ့ခွေးကလေးကတောင် ပိုလို့ ဝဖီးလာတာလေးတွေဟာ….။

‘မောင်… ပျော်နေပြီ မဟုတ်လား.. မောင်’

ပြူတင်းပေါက်မှာ ရိပ်ကနဲတွေ့လိုက်ရတဲ့ သွယ်နွဲ့နွဲ့အရိပ်လေးကြောင့် ငေးငိုင်နေမိတဲ့ ကိုယ့်တစ်ကိုယ်လုံး တုန်တက်သွားတော့တယ်။ နောက်ကကပ်ပါလာတဲ့ မောင်က အရိပ်လေးကို နောက်ကနေသိုင်းဖက်လိုက်တာ၊ နှစ်ဦးသား ကြည်လင်ရွှင်ပြစွာ ရယ်မောလိုက်သံတွေ။ ဆပ်ပြာပူပေါင်းလေး ပေါက်သွားတော့မှ ပျားလေးတစ်ကောင် လန့်ခုန်မိသွားသလိုပေါ့နော်။ ဆင်ဖြူရှင်မဂူဘက်ကို ခြေလှမ်းသွက်သွက် လှမ်းခဲ့မိတော့တယ်။ ခန္ဒာကိုယ်တစ်ခုလုံးကတော့ မီးမြှိုက်ထားသလိုပဲပေါ့။

✿⊱╮✿⊱╮✿⊱╮✿⊱╮


ပဲ့နေတဲ့ အုတ်လှေကားထောင့်မှာ ထုံးစံအတိုင်း ဖိနပ်လေးကို ချွတ်ထားခဲ့တယ်။ လေးပင်တဲ့ခြေလှမ်းတွေနဲ့ ရင်ပြင်ပေါ်ကို တက်လာခဲ့တယ်။ အေးမြတဲ့ကျောက်သားပြင်ပေါ်မှာ ထိုင်ချလိုက်တယ်။ ဆံပင်တွေကို စုသိမ်းပြီး ရင်ဘတ်ရှေ့ကို ချလိုက်တယ်။ ရှေ့တူရှုကို မျက်နှာမူလို့ အပြာရောင်လက်ကိုင်ပုဝါလေးကို လက်နှစ်ဖက်ကြားထဲအုပ်ထားရင်း လက်အုပ်ချီထားလိုက်မိချိန်မှာ နှုတ်ခမ်းတွေဟာ အလိုလိုတုန်တက်လာနေတာ ဘာကြောင့်ပါလဲကွယ်….။

ညနေခင်းလေတွေက ပင်လယ်ဘက်က တဟုန်ထိုး တိုးတိုက်လာပြန်ပြီပေါ့။ မောင်တို့အိမ်ဘက်ကနေ ဖြတ်တိုက်လာခဲ့တဲ့ ဒီလေပြေတွေထဲမှာ မောင့်ကိုယ်သင်းနံ့ကလေး ဝေ့ဝဲပါလာလေးမလားကွယ်….။

ပင်လယ်ပြင်ဘက်က တိုက်ခတ်လာတဲ့ လေပြေတွေ….
ညနေခင်းရဲ့ ပန်းပွင့်တို့ကို ဖြတ်တိုက်လာတဲ့ လေပြေတွေ….
ဟိုးအဝေးက လွင့်မျောလာတဲ့ လေပြေတွေ…..
ကျွန်မရဲ့ ရင်ကိုအေးမြပါစေတော့လား….. မောင်….

♫ ♥●••·˙ တစ်ကယ်ဆို ကျွန်မက မောင့်အိမ်ထဲက မောင့်ပန်းအိုးလေးပဲဖြစ်ဖြစ်၊ မောင့်ရဲ့ ပြက္ခဒိန်လေးပဲဖြစ်ဖြစ်….
မောင့်ဂစ်တာလေးပဲဖြစ်ဖြစ်၊ မောင် ကောက်ယူမွေးစားထားတဲ့ ခွေးကလေးပဲ ဖြစ်ဖြစ်…. ဖြစ်ခွင့်ရချင်ခဲ့သူပါမောင်…..

No comments:

Post a Comment